Cats ဂီတ ဇာတ်မြူးဇာတ်ကားတွင် တေလာဆွစ် ပါဝင်သရုပ်ဆောင်မည်

Cats ဂီတ ဇာတ်မြူးဇာတ်ကားတွင် တေလာဆွစ် ပါဝင်သရုပ်ဆောင်မည်
Published 22 July 2018

 

ဂီတပဒေသာကို မှီငြမ်းရိုက်ကူးမည့် ဂီတဇာတ်မြူးဇာတ်ကား Cats တွင် ပေါ့ပ်အဆိုတော် တေလာဆွစ်က အဓိကဇာတ်ကောင်တစ်ဦးအဖြစ် ပါဝင်မည်ဟု Variety နှင့် Hollywood Reporter တို့က ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ဆွစ်သည် ယင်းဇာတ်ကားတွင် အော်စကာဆုရ အဆိုတော်-သရုပ်ဆောင် ဂျနီဖာဟက်ဆန်၊ ရုပ်သံအစီအစဉ်တင်ဆက်သူ ဂျိမ်းစ်ကော်ဒန်နှင့် ဗြိတိန်သရုပ်ဆောင် အီရန်မက်ကယ်လင်းတို့ နှင့် တွဲဖက်သရုပ်ဆောင်မည်ဖြစ်သည်။

T.S Eliot ၏ ကဗျာစာအုပ်ကို အခြေခံပြီး တေးရေးဆရာ Andrew Lioyd Webber ရေးစပ်ခဲ့သည့် ဂီတပဒေသာကို ၁၉၈၁ ခုနှစ်တွင် လန်ဒန်၌ ပထမဆုံးဖျော်ဖြေခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင်လည်း ဖြန့်ချိခဲ့သည်။ ယင်း ဂီတပဒေသာကို Broadway တွင်လည်း ဖျော်ဖြေတင်ဆက်ခဲ့သည်။

The King’s Speech နှင့် Les Miserables ဇာတ်ကားတို့ဖြင့် အောင်မြင်ခဲ့သည့် ဗြိတိန်ဒါရိုက်တာ တွမ်ဟူပါက Cats ဇာတ်ကားကို ယခုနှစ် နိုဝင်ဘာတွင် စတင်ရိုက်ကူးမည်ဟု Variety မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

ယင်းဇာတ်ကားတွင် ကိတ်ဟက်ဆန်က Grizabella အဖြစ် ပါဝင်မည်ဖြစ်သည်။ ဆွစ်၊ ကော်ဒန်နှင့် မက်ကယ်လင်းတို့ ပါဝင်မည့်ဇာတ်ကောင်ကို အတိအကျမထုတ်ပြန်သေးသော်လည်း ဆွစ်သည် Bombalurina အဖြစ် ပါဝင်နိုင်ဖွယ်ရှိသည်ဟု Hollywood Re-porter က ဖော်ပြခဲ့သည်။

ဂရမ်မီဆု ၁၀ ဆုရရှိထားသည့် ဆွစ်သည် လက်တွေ့ဘဝတွင်လည်း ကြောင်များကို ချစ်ခင်သူတစ်ဦးဖြစ်သည်။ ဆွစ်သည် သူ၏ ကြောင်များဖြစ်သည့် Olivia နှင့် Meredith တို့၏ဓာတ်ပုံများကို လူမှုမီဒီယာတွင် မကြာ ခဏဖော်ပြခဲ့သည်။ ဆွစ်သည်  Hannah Montana: The Movie၊ Valentine’s Day နှင့် The Giver ဇာတ်ကားတို့တွင်လည်း ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးသည်။

Reputation အယ်လ်ဘမ်ဖြင့် ၂၀၁၇ ခုနှစ်တွင် ရောင်းအားအကောင်းဆုံးအဆိုတော်ဖြစ်ခဲ့သည့် ဆွစ်သည် ၎င်း၏ ကမ္ဘာလှည့် ဖျော်ဖြေပွဲခရီးစဉ်ကို နိုဝင်ဘာ ၂၁ ရက်တွင် ဂျပန်နိုင်ငံ၌ အဆုံးသတ်မည်ဖြစ်သည်။