အသက် ၁၀ နှစ်အရွယ်တွင် နည်းပြဖြစ်သူ၏ အဓမ္မပြုကျင့်မှု ကြိမ်ဖန်များစွာခံခဲ့ရဟု တောင်ကိုရီးယားတင်းနစ်မယ်ဟောင်း ဝန်ခံ

အသက် ၁၀ နှစ်အရွယ်တွင် နည်းပြဖြစ်သူ၏ အဓမ္မပြုကျင့်မှု ကြိမ်ဖန်များစွာခံခဲ့ရဟု တောင်ကိုရီးယားတင်းနစ်မယ်ဟောင်း ဝန်ခံ
Published 20 July 2018

တောင်ကိုရီးယားအမျိုးသမီး တင်းနစ်ကစားသမားဟောင်း ကင်အွန်ဟီးက အသက် ၁၀ နှစ်အရွယ်တွင် နည်းပြဖြစ်သူ၏ အဓမ္မပြုကျင့်မှုခံခဲ့ရပြီး နောက်ပိုင်းတွင် ကြိမ်ဖန်များစွာ ထပ်မံပြုကျင့်ခံရဖူးကြောင်း AFP သတင်းဌာနသို့ ထုတ်ဖော်ပြောကြားသည်။

အသက် ၂၇ နှစ်သာရှိသေးသူ ကင်အွန်ဟီးသည် တောင်ကိုရီးယား အမျိုးသားအားကစားပွဲတော်တွင် ကြေးတံဆိပ်ဆုနှစ်ကြိမ် ရရှိဖူးသူဖြစ်ပြီး လက်ရှိတွင်မူ အနားယူ၍ ကျန်းမာရေးလေ့ကျင့်ခန်းမတစ်ခု၌ လူငယ်များအား တင်းနစ်ကစားနည်း သင်ကြားပြသပေးလျက်ရှိသည်။ “အဓမ္မပြုကျင့်တဲ့ကိစ္စက နှစ်တော်တော်ကြာတဲ့အထိ ကျွန်မကိုလွှမ်းမိုးထားတယ်။ သူက ကျွန်မကို နှစ်နှစ်လောက် ကြာတဲ့အထိ ပြုကျင့်ခဲ့တယ်။ ဒါက သူနဲ့ကျွန်မ နှစ်ယောက်ပဲသိရမယ့် လျှို့ဝှက်ချက်လို့လည်း ပြောတယ်။ သူက ကျွန်မရဲ့ နေ့စဉ်ဘဝကို အားလုံးချုပ်ကိုင်ထားပြီး ဘယ်လိုလေ့ကျင့်ရမယ်၊ ဘယ်အချိန်အိပ်ရမယ်၊ ဘာတွေစားရမယ်ဆိုတာကိုပါ ညွှန်ကြားခဲ့တာပါ။ လေ့ကျင့်ရေးအစီအစဉ်တွေမှာလည်း ခဏခဏအရိုက် ခံရဖူးတယ်” ဟု ကင်က အတိတ်ဖြစ်ရပ်ဆိုးအား နိုင်ငံတကာမီဒီယာသို့ ပထမဆုံးအကြိမ် ပြောကြားသည်။ ယင်းနည်းပြအနေဖြင့် အခြားလူငယ်များကိုပါ ဆယ်စုနှစ်နှင့်ချီ၍ အနိုင်ကျင့်စော်ကားမှုပြုလုပ်မည်ကို စိုးရိမ်သဖြင့် ကင်က အမှုဖွင့်တိုင်ကြားရာ ၎င်းအား ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent