Jurassic World : Fallen Kingdom ဇာတ်ကား ဝင်ငွေ ဒေါ်လာတစ်ဘီလျံကျော်ရရှိ

Jurassic World : Fallen Kingdom ဇာတ်ကား ဝင်ငွေ ဒေါ်လာတစ်ဘီလျံကျော်ရရှိ
Published 8 July 2018

Jurassic Park ၏ ပဉ္ဖမမြောက်ဇာတ်ကားဖြစ်သော Jurassic World : Fallen Kingdom သည် ဖြန့်ချိပြီး သီတင်းနှစ်ပတ်ကျော်အကြာတွင် ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှု ဝင်ငွေ ဒေါ်လာ တစ်ဘီလျံကျော် ရရှိသည့် ဇာတ်ကားစာရင်းတွင် နံပါတ် ၃၅ နေရာ၌ ဖော်ပြခံခဲ့ရသည်။

၂၀၁၅ ခုနှစ်က ဖြန့်ချိခဲ့သည့် Jurassic World  သည် ဝင်ငွေဒေါ်လာ ၁ ဒသမ ၇ ဘီလျံ ရရှိခဲ့သည်။ ယင်းဇာတ်ကားသည် မြောက်အမေရိက လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်း၏ ပဉ္ဇမ နေရာတွင် ရပ်တည်နေဆဲဖြစ်သည်။

Jurassic World : Fallen Kingdom  ဇာတ်ကား၏ လက်မှတ်ရောင်းချမှုဝင်ငွေသည် မြောက်အမေရိကတွင် ဒေါ်လာ ၃၀၄ ဒသမ ၈ သန်းနှင့် နိုင်ငံတကာတွင် ဒေါ်လာ  ၇၀၀ ဒသမ ၇ သန်းကျော် ရရှိခဲ့သည်။ ယင်း ဇာတ်ကားထုတ်လုပ်သည့် Universal စတူဒီယို၏ ၂၀၁၈ ခုနှစ် ဝင်ငွေသည်လည်း ဒေါ် လာ ခုနစ်ဘီလျံအထိ ရှိလာခဲ့သည်။

Jurassic World  အပန်းဖြေဥယျာဉ်တွင် Indominus ဒိုင်နိုဆောလွတ်မြောက်ပြီး အန္တရာယ်ပြုသည့် ဖြစ်ရပ်များဖြစ်ပွားခဲ့ပြီးနောက် လေးနှစ်ကြာကာလတွင် Isla Nublar ကျွန်း၌ ကျန်ရှိနေသည့် ဒိုင်နိုဆောများကို မီးတောင်မပေါက်မီ ကယ်တင်ရန်ကြိုးစားသည့်အကြောင်းကို ဒါရိုက်တာ ဂျေအေဘေယိုနာ ရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် ခရစ်ပရတ်၊ ဘရိုက်စ်ဒါလက်ဟော့ဝါ့ဒ်၊ ရေ့ဖ်စပဲလ်၊ ဂျက်စတစ်စမစ်၊ ဂျိမ်းစ်ခရွမ်ဝဲလ်၊ တိုဘီဂျုံးစ်၊ တက်ဒ်လီဗင်း၊ ဒန်နီလာပိုင်းဒါ၊ ဂျက်ဖ်ဂိုးဘလမ်နှင့် ဘီဒီဝေါင်တို့ ပါဝင်သရုပ်ဆောင်ထားသည်။

Jurassic World  ဇာတ်ကားရိုက်ကူးခဲ့သည့် ဒါရိုက်တာ ကောလင်းထရီဗော်ရိုးနှင့် Jurassic World  ၏ ဇာတ်ညွှန်းဆရာ ဒီရက်ကွန်နိုလီတို့က ယင်းဇာတ်ကား၏ဇာတ်ညွှန်းကို ပူးတွဲရေးသားခဲ့သည်။

Jurassic World : Fallen Kingdom  ၏နောက်ဆက်တွဲဇာတ်ကားကို ထရီဗော်ရိုးက ဒါရိုက်တာအဖြစ် ဦးစီးရိုက်ကူးမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇွန် ၁၁ ရက်တွင် ဖြန့်ချိရန် စီစဉ် ထားသည်ဟု Universal စတူဒီယိုက ထုတ်ပြန်ခဲ့သည်။