အမျိုးသားအဖြစ် ခွဲစိတ်ပြုပြင်ထားသည့် ဇာတ်ဆောင်နေရာကို လက်ခံမှုကြောင့် စကားလက်ဂျိုဟန်ဆန် ဝေဖန်ခံနေရ

အမျိုးသားအဖြစ် ခွဲစိတ်ပြုပြင်ထားသည့် ဇာတ်ဆောင်နေရာကို လက်ခံမှုကြောင့် စကားလက်ဂျိုဟန်ဆန် ဝေဖန်ခံနေရ
Published 7 July 2018

ဟောလိဝုဒ်သရုပ်ဆောင် စကားလက်ဂျိုဟန်ဆန်သည် အမျိုးသားအဖြစ် ခွဲစိတ်ပြုပြင်ထားသည့် ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ရန်အတွက် ကမ်းလှမ်းချက်ကို လက်ခံခဲ့မှုကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

အမျိုးသမီးတစ်ဦးအဖြစ် မွေးဖွားခဲ့သော်လည်း အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲခံယူခဲ့သည့် ပြည့်တန်ဆာဂိုဏ်းခေါင်းဆောင် Dante “Tex” Gill အကြောင်း ရိုက်ကူးမည့် Rub & Tug ဇာတ်ကားတွင် ပါဝင်မည်ဟု ဂျိုဟန်ဆန်က ယခုသီတင်းပတ် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်ထုတ်ပြန်ပြီးနောက် Dante “Tex” Gill ဇာတ်ကောင်အတွက် လိင်ပြောင်းထားသည့် သရုပ်ဆောင် တစ်ဦးကို မရွေးချယ်ခဲ့သည့်အတွက် ထုတ်လုပ်ရေး ကုမ္ပဏီကို လိင်ပြောင်းထားသည့်သရုပ်ဆောင်များနှင့် တက်ကြွ လှုပ်ရှားသူများက ဝေဖန်ခဲ့ကြသည်။ ဂျိုဟန်ဆန်သည် ၎င်းတို့၏ အသိုင်းအဝိုင်းကို အထောက်အကူပြုသူတစ်ဦး မဟုတ်ဟုလည်း အချို့က စွပ်စွဲခဲ့သည်။

ဂျိုဟန်ဆန်သည် နာမည်ကျော် ဂျပန် စိတ်ကူးယဉ် သိပ္ပံဇာတ်ကားကို အခြေပြုရိုက်ကူးသည့် Ghost in the Shell ဇာတ်ကားတွင် ပါဝင်သည့် ဇာတ်ကောင်ကြောင့်လည်း ၂၀၁၆ ခုနှစ်တွင် ဝေဖန်ခံခဲ့ရသည်။

Rub & Tug ဇာတ်ကားကို Ghost in the Shell ဇာတ်ကားရိုက်ကူးသည့် ဒါရိုက်တာ ရူးဖတ်ဆန်ဒါးစ်ကပင် ရိုက်ကူးမည်ဖြစ်သည်။

ဂျိုဟန်ဆန်က ဂျက်ဖရေးတမ်ဘော်၊  ဂျရတ်လီတိုနှင့် ဖီလီစီတီဟပ်မန်းတို့ကိုလည်း  လိင်ပြောင်းသည့် ဇာတ်ကောင်နှင့်ပတ်သက်ပြီး တိုက်ရိုက်ပြောကြားနိုင်သည်ဟု ဝေဖန်မှုများကို ပြန်လည်တုံ့ပြန်ခဲ့သည်။

ဂျရတ်လီတိုသည် Dellay Buyers Club ဇာတ်ကားတွင် အေ့စ်ဒ်ရောဂါဖြစ်နေသည့် အမျိုးသမီးအဖြစ် ခွဲစိတ်ပြုပြင်ထားသည့် ဇာတ်ကောင်ဖြင့် (၈၆) ကြိမ်မြောက် အော်စကာဆုပေးပွဲတွင်  အမျိုးသားဇာတ်ပို့ သရုပ်ဆောင်ဆု ရရှိခဲ့သည်။ ဖီလီစီတီဟပ်မန်းသည် ၂၀၀၅ ခုနှစ်က ဖြန့်ချိခဲ့သည့်  Transamerica ဇာတ်ကားတွင် အမျိုးသမီးအဖြစ် လိင်ပြောင်းထားသည့်ဇာတ်ကောင်ဖြင့် အော်စကာဆုအတွက် လျာထားခံခဲ့ရသည်။ အလားတူပင် ဂျက်ဖရေးတမ်ဘော်သည်လည်း  အမေဇုန်၏ Transparent ဇာတ်လမ်းတွင်  လိင်ပြောင်းထားသည့် အမျိုးသမီးဇာတ်ကောင်အဖြစ် ပါဝင်ခဲ့ပြီး အမ်မီဆု ရရှိခဲ့သည်။