သရုပ်ဆောင်၊ အဆိုတော်ပွင့်နှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်၊ အဆိုတော်ပွင့်နှင့် တွေ့ဆုံခြင်း
Published 3 June 2018

 ရုပ်ရှင်အနုပညာနယ်ပယ်မှာ ထင်ရှားတဲ့ခန္ဓာကိုယ်နဲ့အတူ ချစ်စရာကောင်းတဲ့အမူအရာတွေပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ဦးကတော့ ပွင့်ပါ။ သူမရဲ့သရုပ်ဆောင်မှုတွေအပေါ်မှာ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုနဲ့အတူ အောင်မြင်တဲ့အနုပညာခရီးလမ်းတစ်ခုကို ပရိသတ်တွေရင်ထဲ ရောက်အောင်လျှောက်လှမ်းနိုင်ခဲ့သူ ပွင့်အနေနဲ့ သူ့ရဲ့ဒုတိယမြောက် အနုပညာအိပ်မက်လို့ တင်စားထားတဲ့ဂီတအနုပညာနယ်ပယ်ဘက်မှာလည်း 'ဘေဘီပွင့်'ဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီးသစ်နဲ့အတူ ခြေချဝင်ရောက်လာခဲ့ပြန်ပါတယ်။ သူမရဲ့သီဆိုမှုနဲ့သီချင်းတွေကို ပရိသတ်တွေက လက်ခံခဲ့ကြပြီလည်းဖြစ်တဲ့ ပွင့်နဲ့တွေ့ဆုံခဲ့တဲ့ခဏတာအတွင်း 'ဘေဘီပွင့်' စီးရီးနဲ့ပတ်သက်တဲ့ သူမရဲ့ကြိုးစားမှုတွေ၊ ရင်ခုန်မျှော်လင့်မှုတွေနဲ့ အနုပညာခြေလှမ်းတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ် ...

 

မေး- 'ဘေဘီပွင့်' ဆိုတဲ့ စီးရီးလေးထုတ်ဖြစ်ခဲ့တဲ့ အကြောင်းလေးပြောပါဦး။

ဖြေ - ဂီတအနုပညာကို ပွင့်ငယ်ငယ်တည်းက ဝါသနာပါတယ်။ ဒါပေမဲ့ ပရိသတ်တွေက ပွင့်ကို ရုပ်ရှင်ဘက်မှာ အရင်လက်ခံ အားပေးခဲ့ကြတဲ့အခါ ကိုယ်ကဂီတ အနုပညာအလုပ်တွေလုပ်လိုက်တော့မှ ပရိသတ်စိတ်ထဲမှာ အမြင်တစ်မျိုး မြင်သွားမှာစိုးတာနဲ့လုပ်ရေး မလုပ် ရေးစဉ်းစားရင်း အချိန်ကြာသွားခဲ့တယ်။ ဒါပေမယ့်လည်း ဂီတက ကိုယ့်ရဲ့ အနုပညာ အိမ်မက်တစ်ခုဖြစ်တယ်၊ နယ်တွေမှာ သီချင်းသွားဆိုတဲ့အခါ ပရိသတ်တွေက အသံကောင်းတယ် အားပေးကြသလို စီးရီးထုတ်ဖို့လည်း ပြောကြတယ်၊ အနုပညာအသိုင်း အဝိုင်းမှာဆိုရင်လည်း ကိုနိုင်ဇော်တို့နဲ့ ပွဲတွေဆိုတဲ့အခါ သူတို့က သူများသီချင်းတွေ ဆိုမယ့်အစား ကိုယ်ပိုင်သီချင်းတွေလုပ်ဖို့ အားပေးကြတယ်။ ဒီလိုနဲ့ပဲ စီးရီးလေးထုတ်ဖို့ သေချာတဲ့ဆုံးဖြတ်ချက်ချနိုင်ခဲ့တာပါ။

မေး - 'ဘေဘီပွင့်' စီးရီးကို လုပ်မယ်မလုပ်ဘူး။ အချိန်အကြာကြီး စဉ်းစားခဲ့ရတာဆိုတော့ ဒီစီးရီးအတွက် ပွင့် ဘက်က ဘယ်လိုတွေပြင်ဆင်ကြိုးစားခဲ့ရလဲ။

ဖြေ -   ရုပ်ရှင်ဘက်မှာ အနုပညာအလုပ်တွေ စလုပ်တုန်းကတော့ ကိုယ်က ကလေးဆိုတော့ ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်တတ်သလို လုပ်ခဲ့လိုက်တယ်။ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ကံကောင်းစွာပဲရခဲ့တယ်။ ဂီတ အနုပညာအလုပ်တွေလုပ်တဲ့အခါကျတော့ ပရိသတ်တွေက ကိုယ့်ကို အသိအမှတ်ပြုပြီးသား ချစ်ပြီးသားဖြစ်တဲ့အတွက် ကိုယ့်အတွက် တကယ်ကို စွန့်စားပြီးလုပ်ရတယ်။ အဲဒီအတွက် အဆိုပိုင်းနဲ့ပတ်သက်ပြီး သေချာ လေ့လာလေ့ကျင့်တယ်။ သီချင်းအပ်တဲ့အခါမှာလည်း နာမည်ကြီးတေးရေးဆရာတွေဆီမှာ ကိုယ်ဖြစ်ချင်တဲ့ ပုံစံ၊ ဖြစ်သင့်တဲ့ပုံစံလေးတွေ ကိုယ်နဲ့လိုက်ဖက်တဲ့ သီချင်းလေးတွေရအောင် သေချာတိုင်ပင် ရွေးချယ်တယ်။ အဲဒီသီချင်းတွေကိုလည်း ဆရာသမားတွေနဲ့ သေချာ သင်ယူလေ့ကျင့်ပြီး ကိုယ်မှာပိုင်ဆိုင်တဲ့ အသံကိုယ်ဆိုနိုင်တာ အားလုံးနဲ့ အကောင်း ဆုံးဖြစ်အောင် သီဆိုခဲ့ပါတယ်။

မေး - ကိုယ့်သီချင်းတွေ ကိုယ်ပြန်နားထောင်တဲ့အခါ စိတ်တိုင်းကျဖြစ်ရဲ့လား။ ပရိသတ်တုံ့ပြန်မှုတွေကရော ဘယ်လိုရှိလဲ။

ဖြေ - လူဆိုတာတော့ လောဘရှိတဲ့သူဆိုတော့ ငါဒီနေရာကို ဒီလိုလေးဆိုလိုက်ရင်ကောင်းသား ဆိုတာမျိုး၊ ဒီထက်ပိုကောင်းအောင် လုပ်ချင်တယ်ဆိုတာမျိုးတော့ရှိပါတယ်။ ရုပ်ရှင်ဘက်မှာလည်း ခုထိ ကိုယ့်သရုပ်ဆောင်မှုအပေါ်မှာလည်း အရမ်းအားရတယ်ဆိုတာမျိုး မရှိပါဘူး။ 'ဘေဘီပွင့်' စီးရီးမှာ ကိုယ့်ရဲ့အပြင်ပုံစံက သွက်သွက်လက်လက်ရှိတာ၊ စကားပြောမြန်တာတွေကြောင့် သီချင်းအမြူးလေးတွေကို ပိုအားရပြီး သီချင်းအနှေးလေးတွေကို စိတ်ပူခဲ့တယ်။ ဒါပေမယ့်  ပရိသတ်တွေက ကိုယ်စိတ်ပူခဲ့တဲ့ သီချင်းတွေကို ပိုပြီး နှစ်သက် အားပေးနေကြတာတွေ့တော့ အရမ်းဝမ်းသာတယ်။ ကျန်တဲ့ သီချင်းလေးတွေကိုလည်း အားပေးနှစ်သက်ကြတာဖြစ်လို့ ပွင့်ကျေနပ် ဝမ်းသာရပါတယ်။

မေး - ခုချိန်ခါက အရမ်းအောင်မြင်နေတဲ့ အဆိုတော်တွေတောင်မှ စီးရီးတစ်ခွေထုတ်ဖို့ တော်တော်စဉ်းစားရတဲ့ အချိန်မျိုးဖြစ်တော့ ' ဘေဘီပွင့်' စီးရီးအတွက်ရော ပွင့်ဘက်က ဘယ်လိုစွန့်စားခဲ့ရလဲ။

ဖြေ - စွန့်စားမှုဆိုတာထက် စီးပွားရေးအရ ရှုံးမယ်ဆိုတာတော့ ပွင့်တို့သိပြီးသားပါ။ အကြီးကြီး ရှုံးမလား သေးသေးလေးရှုံးမလားဆိုတာပဲ မသိရတာပါ။ သိပေမဲ့လည်း ကိုယ့်အနုပညာ သစ်တစ်ခုနဲ့ ထပ်ပြီး ပေးဆပ်ချင်သလို ကိုယ့်ရဲ့ အနုပညာအိပ်မက်တစ်ခုကို လည်းပုံဖော်တာဖြစ်တဲ့အတွက် ပေါ်ပင်အနေနဲ့ စီးရီးတစ်ခွေထုတ်တယ်ဆိုတာမျိုးပွင့် မလုပ်ပါဘူး။ ဒီစီးရီးကနေပြီး ဂီတအနုပညာနဲ့ ပတ်သက်ရင်လည်း ပွင့်ရဲ့ အရမ်းကြိုးစားထားတယ်ဆိုတဲ့ ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကိုပဲလိုချင်တယ်။ နောက်ပြီး  ကိုယ်တွေက ပိုက်ဆံတွေပေါနေတာမဟုတ်တော့ ကိုယ့်ရဲ့အရှုံးကို ကာဗာဖြစ်တာမျိုးလောက်တော့ လိုချင်တယ်။ ဒါပေမဲ့လည်း ပရိသတ်တွေက ပွင့်ရဲ့ သီချင်းတွေကို ကြိုက်တယ် ကိုယ့်ကို တေးသံရှင်တစ်ယောက်အဖြစ်လည်း အသိအမှတ်ပြုတယ်ဆိုတာက ပွင့်အလိုချင်ဆုံး ဆုလာဘ်ပါပဲ။ တတ်နိုင်ရင် မူရင်း ခွေလေး အားပေးပါလို့လည်း ဒီကနေ ပရိသတ်တွေကို တောင်းဆိုပါတယ်။

မေး - ရုပ်ရှင်ဘက်မှာရော ပွင့်အတွက် အနုပညာပိုင်းအရ ဘယ်လိုအခွင့်အလမ်းကောင်းတွေ ရနေပြီလဲ။

ဖြေ - ပွင့်တို့အနေအထားက ရုပ်ရှင်ဘက်မှာ ကိုယ်က ဇာတ်ကို ရွေးချယ်ခွင့်မရှိပါဘူး။ ကိုယ့်ကိုရွေးချယ်ပြီး ရောက်လာတဲ့ဇာတ်တွေကိုပဲ အကောင်းဆုံးကြိုးစားပါတယ်။

မေး- နောက်ပိုင်း ဂီတနဲ့ ရုပ်ရှင်ဘယ်ဘက်ကို ပိုဦးစားပေးမလဲ။

ဖြေ - အဲဒါကတော့ ပြောရခက်ပါတယ်။ နှစ်ခုလုံးက ကိုယ်ငယ်ငယ်လေးတည်းက မက်ခဲ့ရတဲ့ အိမ်မက်တွေပါ။ ကိုယ်က နှစ်ခုလုံးကို ကိုယ့်ဘက်ကတော့ အကောင်းဆုံးကြိုးစားလုပ်ချင်ပါတယ်။

မေး - ပွင့်ကို အားပေးနေတဲ့ ပရိသတ်တွေကို ပြောချင်တဲ့စကား။

ဖြေ - ပွင့် ဒီနေ့အနုပညာလောကမှာ ရပ်တည်နေနိုင်တာ ပရိသတ်တွေအားပေးမှုကြောင့်ပါ။ အဲဒီလို ရပ်တည်နိုင်အောင် ချစ်ပေး အားပေးကြတာကျေးဇူးတင်ပါတယ်။ ဂီတဘက်မှာလည်း ပွင့်ရပ်တည်ခွင့်ရအောင် ပွင့်ကို ချစ်ခင်အားပေးကြပါလို့ တောင်းဆိုချင်ပါတယ်။