လွယ်အိတ်ကြီးလွယ်တဲ့ ကလောင်ဆဲလ်တွေ

လွယ်အိတ်ကြီးလွယ်တဲ့ ကလောင်ဆဲလ်တွေ
Published 1 June 2018

အနုပညာဆိုတဲ့ စကားအနက်ဟာ အင်မတန်ကျယ်ဝန်းပါတယ်။ ဒဿန နယ်ပယ်၊ ရသနယ်ပယ်၊ စာပေနယ်ပယ်၊ ဘာသာစကားနယ်ပယ်၊ ဝါဂီနစ်နယ်ပယ် စသဖြင့် နယ်ပယ်အလိုက် သန်ရာသန်ရာကို အထူးပြု ဖွင့်ဆိုခဲ့ကြလေတော့ ဒီနေ့ထိ ပွဲမပြီးသေးတဲ့၊ နောင်လည်း ပွဲသိမ်းမှာ မဟုတ်သေးတဲ့ စကားပဲဖြစ်ပါတယ်။ ဒီစာစုဟာ အဲဒီလို အကွဲကွဲအပြားပြားသော အဓိပ္ပာယ်သတ်မှတ်ချက် 'ဘောင်' တွေအပေါ် ကြောင်းကျိုးဝေဖန်မှု ပြုမှာ မဟုတ်ဘဲ အလွန်ထူးခြားတဲ့ ကြားခံနယ်ပယ် Medium အချင်းချင်း အောင်မြင်စွာ ရောယှက်သွားတဲ့ အနုပညာပစ္စည်းတစ်ခုအကြောင်း မုဒိတာပွားမှာပါ။

 

Animated Music Video ခြေရာကောက်

အင်နီမေးရှင်း ကာတွန်းရုပ်လေးတွေကို ခြေရာကောက်ကြည့်ရင် ပြင်သစ်လူမျိုး သိပ္ပံကျောင်းဆရာ ချားလ်စ်အင်မလီရေးနာ့ဒ်ဟာ ၁၈၇၇ မှာ အင်နီမေးရှင်းပြသနိုင်တဲ့ Praxinoscope ကို တီထွင်ပြီး ၁၈၉၂ မှာ ပထမဆုံး အင်နီမေးရှင်း Pauvre Pierrot ကို အများ ပြည်သူထံ တင်ဆက်နိုင်ခဲ့ပါတယ်။ သူ့ဖန်တီးမှုဟာ ဓာတ်ပုံဖလင်လို ရိုက်ထားတာမျိုး မဟုတ်ဘဲ အကြည်သားမီဒီယမ်မှာ တိုက်ရိုက်ရေးဆွဲတာမျိုးဖြစ်ပြီး ၁၉၀၀ ပြည့်နှစ်လည်း ရောက်ရော ပရိသတ်ငါးသိန်းကျော် ကြည့်ရှုပြီးဖြစ်ပါတယ်။

ကျွန်တော်တို့ငယ်ငယ်က စိတ်ဝင်တစားဝယ်ရတဲ့ စက္ကူတွေကို လက်မနဲ့ဖိ၊ လွှတ်လိုက်တိုင်း လှုပ်တဲ့ အရုပ်လှုပ် ကာတွန်းစာအုပ် Flip Book စပေါ်တာ ၁၈၈၆ ခုနှစ်ပါ။ကျွန်တော်တို့ ဘယ်လောက်နောက်ကျခဲ့ပြီဆိုတာ သိသာစေတဲ့ Time-Line တစ်ခုပေါ့။

ဓာတ်ပုံဖလင်ကြားခံ (Animated Projection) ကို ၁၉၀၆ ခုနှစ်မှာ သတင်းစာ ကာတွန်းဆရာ ဂျေစတူးဝပ်ဘလက်တန်က ဖန်တီးနိုင်ခဲ့တယ်။ တစ်ခါ ၁၉၀၈ ခုနှစ်မှာ ပြင်သစ်ဒါရိုက်တာ အင်မလီကိုးရဲ့ ရုပ်ရှင်နဲ့ အလားသဏ္ဌာန်တူတဲ့ Fantasmagorie ကို တင်ဆက်နိုင်ခဲ့ပါပြီ။ သူတို့ဆီမှာတော့ ၁၉၂၀ ကနေ ၁၉၆၀ အတွင်း နှစ်ကာလတွေဟာ ကာတွန်းရုပ်ရှင်ရဲ့ ရွှေခေတ်လို့ တင်စားကြပါတယ်။

ပထမဆုံး Anime Music Video (AMV) ကို ၁၉၈၂  မှာ အသက် ၂၁ နှစ်သား Jim Kaposztas က စတင်ခဲ့ပါတယ်။ ဒီဖန်တီးမှုကို ပြန်ကြည့်တဲ့အခါ သာမန်ညောင်ည အားထုတ်မှုနဲ့မဟုတ်ဘဲ ဗီဒီယိုဖန်တီးခြင်းနဲ့ တည်းဖြတ်မှုများစွာ ပေါင်းစည်းရောယှက်နေတဲ့ လာရာလမ်းကို မြင်ကြရမှာပါ။ ဥပမာအနေနဲ့ပြောရရင် အကြမ်းတည်းဖြတ် (Raw Editing)၊ အထူးပြုလုပ်ချက် တည်းဖြတ် (FX Effects Editing)၊ အချိန်နာရီတည်းဖြတ် (Timing Editing)၊ ရုပ်သံ စီးဆင်းပုံတည်းဖြတ် (Flow Editing)၊ အရုပ်လှုပ်ပုံ တည်းဖြတ် (Animation Editing) နဲ့ နောက်ခံဖြုတ်ပယ် တည်းဖြတ် (Masking) တို့ မလွဲမသွေ ပေါင်းစပ်ပါဝင်နေပါတယ်။

 

BIG BAG

၂၀၀၀ ပြည့်နှစ်ဝန်းကျင်နဲ့ အဲဒီနောက်ပိုင်း မြန်မာ့ဂီတလောကမှာ အသစ်အသစ်သော ဂီတပုံစံတွေ၊ အသစ်အသစ်သော တေးရေးသူတွေ၊ အသစ်အသစ်သော အဆိုတော်တွေ ပေါ်ထွက်လာခဲ့ပါတယ်။ ချားချား၊ ဂိုးဂိုး၊ ရော့ခ်အင်ရိုးကနေ ဟစ်ပ်ဟော့ပ်၊ အီလက်ထရို၊ အင်စထျူမဲန့်တယ်အထိ ကမ္ဘာနဲ့အညီ ရင်ပေါင်တန်းဖန်တီးမှုတွေ ပွင့်ထွက်လာတာ အရှိတရားပါပဲ။

ကျားပေါက် ဒါမှမဟုတ် KP လို့ သူ့ပရိသတ်က ချစ်စနိုးအခေါ်ခံရတဲ့ အဆိုတော် ဟန်ထူးလွင်ဟာ BIG BAG ဆိုတဲ့ တီးဝိုင်းရဲ့ ပဲ့ကိုင်တစ်ဦးဖြစ်ပြီး သူယုံကြည်ရာ ဂီတပုံသဏ္ဌာန်ကို စိုက်လိုက်မတ်တတ် ပုံဖော်ခဲ့သူ ဖြစ်ပါတယ်။

သူနဲ့ BIG BAG ဟာ ဂီတနဲ့ သီချင်းအနုပညာကို Professional ကျကျ ပုံဖော်ရာမှာ ပါရမီသက်သာမက ပညာသက်ပါ ဖြည့်ဆည်းနိုင်သူဖြစ်ကြောင်း သူ့ Works တွေက အထင် အရှားဖော်ပြလျက်ပါ။ လက်ရှိအချိန်မှာ The Voice Myanmar ရဲ့ အကဲဖြတ်အဖြစ်သာမက နြတ New York City လို့ အမည်ပေးထားတဲ့ ကမ္ဘာအနှံ့ တစ်နိုင်ငံ တစ်ပုဒ် သီချင်းဖန်တီးမှုအတွက် ထိပ်တန်းဂီတအဖွဲ့ Queen ရဲ့ မန်နေဂျာ Jim Beach ရဲ့ကမ်းလှမ်းမှုကို ဒီနှစ်အတွင်း လက်ခံဖန်တီးနေသူလည်း ဖြစ်ပါတယ်။

ဂီတပုံစံသစ်၊ အဆိုပုံစံသစ်နဲ့ ဟန်ထူးလွင်လို့  နာမည်တစ်ခု ပရိသတ်ကြား ထူထောင်နိုင်ပြီးနောက်ပိုင်း ထပ်ပေါက်ခဲ့တဲ့ သီချင်းတစ်ပုဒ်ကတော့ Anger Management အယ်လ်ဘမ်ထဲက 'သတိရနေတယ်' ဆိုတဲ့တေးပါပဲ။ ဖန်တီးပုံအသစ်၊ ဆိုဟန် ကွဲပြားစွာပေါ်ထွက်ခဲ့တဲ့ ဒီသီချင်းဟာ လူငယ်တွေ အထပ်ထပ်နားထောင်ခဲ့ရုံမက ကလေးတွေရဲ့ပါးစပ်ဖျားမှာကို သတိတရ ခဏခဏ အဆိုခံခဲ့ရတာပါ။

 

Pencell

'ကလောင်တံကိုင်သော ကလာပ်စည်းများ'လို့ တည့်တည့် ဘာသာပြန်ကြည့်ကြစို့။ တကယ်တော့ သူတို့ကိုင်တဲ့ ကလောင်က ပုံဆွဲမင်အပြည့်နဲ့ ကလောင်တွေပါ။ ကာတွန်း အော်ပီကျယ်ရဲ့ရင်သွေး လူငယ်ညီအစ်ကိုဖြစ်တဲ့ နိုဘယ်အောင်နဲ့ ဉာဏ်ကျယ်စေတို့ စုစည်းထားတဲ့ Animation Studio ဖြစ်ပါတယ်။ တကယ့်ကို စိတ်တူကိုယ်တူ ဝါသနာတူ အိပ်မက်တူသူတွေ စုစည်းမိနေတဲ့ ပျော်ရွှင်ဖွယ်ရပ်ဝန်းတစ်ခုပါ။ တစ်ခါ ဒီနိုင်ငံမှာ လူသိနည်းပြီး ဝါသနာကို အရင်းခံတဲ့ စီးပွားရေးလုပ်ငန်းအတွက် တကယ့်ကို ငွေရေးကြေးရေးရလဒ် ပေါ်အောင် သူတို့ ကြိုးပမ်းနေရဆဲကာလ ဖြစ်ပါတယ်။

လုပ်ငန်းရှင်တစ်ဦးဟာ သူ့ Product တစ်ခု ကြော်ငြာဖို့အတွက် နာမည်ကျော် မင်းသား၊ မင်းသမီးတစ်ယောက်ကို သိန်းသုံး၊ လေးဆယ်လောက် ပက်ခနဲ ပေးချေနိုင်ပေမယ့် အခုလို လူမပါ အရုပ်ကလေးတွေရဲ့ စက္ကန့် ၁၂၀ စာကို ဘယ်နှသိန်းလောက်များ ထိုက် တန်တယ်လို့ ဈေးဖြတ်မှာလဲ။ သူတို့ ရင်းလိုက်ရတဲ့ အတွေ့အကြုံတွေ၊ အချိန်တွေ၊ ဆည်းပူးမှုတွေ၊ ဖြည့်ဆည်းခြင်းတွေအတွက် ဘယ်လို တန်ဖိုးဖြတ်ကြမလဲ။ ဒါကြောင့် သူတို့တတွေဟာ အနုပညာတစ်ခုအဖြစ် အရေးပါဘောင်ဝင်အောင် ကြိုးစားနေကြဆဲဖြစ်ပြီး သူတို့ လုပ်ပြဖို့လိုသေးတယ်လို့ ခံယူကြပါတယ်။

 

သတိရတယ် AMV အဆိုတော်ဟန်ထူးလွင်နဲ့ လွယ်အိတ်ကြီးရဲ့တေးဂီတကို ကလောင်ဆဲလ်များက Animated Mudic Video အဖြစ် ဖန်တီးမှုဖြစ်ပါတယ်။ ပထမဆုံး တေးရေးဆရာ Mung Boih ရဲ့ ခံစားမှုက 'ဘယ်အချိန် ဘယ်အခါ ဘယ်နေရာမှာမဆို အဆိုးဆုံးဆိုသော်ငြား မျှော်လင့်ခြင်းကို လျှော့ချမပစ်လိုက်ပါနဲ့'လို့ သူ Message ပေးချင်တာ ဒီသီချင်းပါပဲလို့ ပြောပါတယ်။

 

သတိရတယ်

'တစ်ခုတည်းရှိတဲ့ နှလုံးသားနဲ့ တစ်ယောက်တည်း ငေးရင်း အခန်းပြင်ဘက် ငါ နားစွင့်ရင်း မင်းရဲ့စကားသံများ တစ်အိမ်လုံး တိတ်ဆိတ်ခြောက်ကပ်နေတယ်'

စာသား၊ ဂီတဖွဲ့စည်းပုံ၊ အဆိုပါးနပ်မှုတို့ရဲ့ ကောင်းခြင်း၊ နှစ်လိုဖွယ်ရသ ပေါ်လွင်ခြင်းတွေကို စိစစ်ဝေဖန်မှာ မဟုတ်ဘဲ ဒီသီချင်းအပေါ် AMV အဖြစ်  အသွင်ပြောင်းယူတဲ့ Pencell ရဲ့ ကြိုးစားအားထုတ်မှု ကောက်ကြောင်းကို နည်းနည်းကြည့်ကြရအောင်။

ပထမပိုဒ် စအဝင်မှာ နာရီစင်နဲ့ လိပ်ပြာလေး။ ဒီ Music Video ဖန်တီးကတည်းက ကြိုက်သလို ခံစားနိုင်အောင် ဖွင့်ပေးထားချင်တဲ့ သဘောကို မိမိရရ စမြင်ရတယ်။ အဲဒီ အရုပ်နှစ်မျိုးရဲ့ နိမိတ်ဟာ အချိန်နဲ့စိတ်ကူးပဲလို့ အခုအခံ မရှိသူတိုင်း တွေးမိကြမယ်။ တစ်ခါ စက္ကန့်ပိုင်းအတွင်း ဇာတ်လိုက်လူငယ်ရဲ့အရုပ်ကို Bird-eye View ကနေပြီး ရိုက်ပြလိုက်တော့ အဆင်မပြေခြင်းတွေ၊ သိမ်ငယ် သေးနုပ်ခြင်းတွေ ကျွန်တော်တို့ ရသွားရော။

သူတို့ဖန်တီးမှုအတွက် စုစုပေါင်း ငါးလလောက် အချိန်ယူခဲ့ရပါတယ်။ ဒါရိုက်တာ ဉာဏ်ကျယ်စေ၊ Art ဒါရိုက်တာ နိုဘယ်အောင်၊ Lead Animator Kevin သက်နဲ့ အေးချမ်းအောင်တို့ဟာ သူတို့ရဲ့ Pencell အဖွဲ့ဝင် ၁၅ ယောက်နဲ့ ဒီ AMV ကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ စုစုပေါင်း ၃ နာရီ ၅၇ မိနစ်၊ အသားတင်ပြသချိန် သုံးမိနစ်ခွဲကြာတဲ့ ဒီသီချင်းအတွက် တစ်စက္ကန့်ကို ၂၄ ပုံနှုန်း အရုပ်လှုပ်ဖို့ ပုံကားချပ်ပေါင်း ၅၀၀၀ ကျော် ဆွဲခဲ့ကြရတဲ့ လုပ်ငန်းပမာဏကို ချင့်တွက် ကြည့်နိုင်ပါတယ်။ လူတစ်ဦးချင်းစီရဲ့ ကွဲပြားတဲ့ ကိုယ်ပိုင်လက်ရာကနေ ဒီဇာတ်ကောင်လူငယ်ရဲ့ တစ်ခုတည်းသော စရိုက်ပုံဟန် Character Design Concept ရအောင် လုပ်သွားကြတဲ့ Team Work ဟာ မပျောက်ပျက်မယ့် မှတ်တိုင်ပါပဲ။

ထပ်မံထည့်သွင်းဆောင်ရွက်ရတဲ့ Works တွေထဲက တချို့ထုတ်နုတ်ပြရရင် နောက်ခံအယူအဆ Background Concept ၊ အကွက်လိုက်လှုပ်ရှားမှု Animation Frame by Frame ၊ သီချင်းဇာတ်လမ်းတစ်ခုလုံးရဲ့ Parts of the Story Board Sketch  စသဖြင့် အထူးပြုရာအစိတ်အပိုင်းတို့ ခြုံငုံပေါင်းစပ်တဲ့ ဟာမိုနီတစ်ခုရပါမှ ဒီ AMV ဖြစ်လာခဲ့တာပါ။

အရောင်သုံးစွဲမှုဆိုင်ရာ Color Concept အဖြစ် အနီနဲ့အစိမ်းကို ထူးထူးခြားခြား တွဲပေးထားပါတယ်။ မြင်နေကျမဟုတ်တဲ့ အနီနဲ့အစိမ်း ရလာဖို့အတွက် သူတို့ ဘယ်နှထပ်၊ ဘယ်နှခါ၊ ဘယ်နှညကုန်ခဲ့တယ်ဆိုတာ အင်နီမေးရှင်း ကြိုးစားဖူးသူတိုင်း စာနာမိကြပါလိမ့်မယ်။

ထူးထူးခြားခြား နောက်တစ်ကွက်ကတော့ ဒီဗီဒီယိုရဲ့ ဇာတ်ထွတ်လို့ ခေါ်နိုင်မယ့် Climax of AMV ပါ။ အဲဒီမှာ ဇာတ်လိုက်ဟာ တစ်စုံတစ်ရာကြောင့် ပေါက်ကွဲရမယ့် အကွက်။ ဒီပေါက်ကွဲမှုအတွက် ဘယ်အလှုပ်နဲ့ ဘယ်လိုပြမယ်ဆိုတာကို အိပ်မပျော်နိုင်အောင် စဉ်းစားခဲ့ရပါသတဲ့။ အနီရောင်တွေ၊ သွေးရောင်တွေနဲ့ သိပ်ကြေကွဲပြီး ရုဒ္ဒရသပုံအထိလည်း မပေါ်စေချင်၊ ပေါက်ကွဲမှလည်း ရမယ်ဆိုတဲ့ အခြေအနေမျိုးအတွက် သူတို့ဖန်တီးမှုကို စာရှုသူကိုယ်တိုင်သာ ကြည့်ပြီးဆုံးဖြတ်ပါတော့။ အမှတ်ထင်ထင် ကျန်ခဲ့တဲ့ အပေါ်တက်သွားတဲ့ လိုင်းအဖျော့တွေကို မြင်မိတယ်ဆိုရင် ကျွန်တော်တို့ ရင်ဘတ်ချင်း ပလပ်တပ်မိပြီလို့ ဆိုပါရစေ။

'သတိရတယ်' မိတ်ဆက် Screening Event ကို ၂၀၁၈ ခုနှစ် မေ ၁ ရက်မှာ ပြုလုပ်ခဲ့ပြီး နောက်တစ်နေ့မနက်ကစပြီး အများကြည့်ရှုနိုင်ဖို့ အွန်လိုင်းမီဒီယာကနေ လွှင့်တင်ပြီး ဖြစ်ပါတယ်။ ဒီစာရေးချိန်အထိ တစ်လအတွင်း သူတို့ Page မှာ ကြည့်ရှုသူ ၄၂၈,၉၆၇ နဲ့ Share၂၄ ,၀၀၀ ကျော် ရှိသွားပြီး ယူကျုမတော့ ၈၂,၅၅၄ ယောက် ကြည့်ရှုသွားခဲ့ပါပြီ။

အဲဒီပွဲမှာ မြန်မာကာတွန်းရုပ်ရှင်ရဲ့ အထင်ကရ ဆရာအော်ပီကျယ်က အမှတ်တရ စကားပြောခဲ့ရာမှာ -(၁) ဘာအနု ပညာပဲဖြစ်ဖြစ် အခြေခံမလွတ်ဖို့၊(၂) ကာ တွန်းရုပ်ရှင်ဟာ လှုပ်ရုံမက အသက်ဝင်ဖို့၊ (၃) စုစုစည်းစည်း ညီညီညွတ်ညွတ် လုပ်တတ် ဖို့၊ (၄) 2D ပလက်ဖောင်းမှသည် 3D အထိ တက်လှမ်းနိုင်အောင် ကြိုးစားဖို့ မုဒိတာစကား ဆိုခဲ့ပါတယ်။

 

နိဂုံးဆန္ဒ

ဒီစာကို ကျွန်တော်ရေးတဲ့ ရည်ရွယ်ချက်က တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုတစ်ဖွဲ့ကို ချီးမွမ်းမြှင့်တင်ဖို့ မဟုတ်ဘဲ မှန်ကန် အားကောင်းတဲ့ Team Work တစ်ခုကို အားပေးချင်တာပါ။ အဲဒီလိုအလုပ်ကို အောင်မြင်ပြီးမြောက်အောင် လုပ်ပြ၊ လုပ်ရဲတဲ့ ကျွန်တော် တို့မျိုးဆက်တွေကို ပခုံးထမ်းတင်ပြီး မော့ကြည့်ချင်တာပါ။ သူတို့ တစ်ယောက်ချင်း Talent ကနေ စုစည်းညီညွတ်တဲ့ ထိရောက်မှုကို ဖော်နိုင်ခဲ့ကြတယ်။

ကျွန်တော်တို့ ရွှေပြည်ကြီးရဲ့ ပကတိ အခြေအနေတွေက စာရှုသူ သိပြီးသား။ ပေါင်းစည်းညီညွတ်မှုရဲ့ အရိပ်အယောင်တောင် မမြင်ရ၊ မကျင့်ကြံနိုင်ကြတာ နှစ်ရာချီပါတော့မယ်။ တစ်ဦးချင်းရဲ့ စွမ်းဆောင်ရည်ကနေ လုံးပေါင်းထိရောက်မှုကို သယ်ဆောင်နိုင်မှ အောင်မြင်တဲ့ စီမံခန့်ခွဲမှုလို့ လက်ခုပ်တီးကြမှာပါ။ အခုလို ကလောင်ကလာပ်စည်းလေးတွေက လွယ်အိတ်ကြီးကို ပိုင်ပိုင်နိုင်နိုင် လွယ်ပြလိုက်တာ မြန်မာ့အင်နီမေးရှင်းနဲ့ ကာတွန်းလောကအတွက် ကျန်ရစ်မယ့် မှတ်တိုင်အစစ်ပါ။ ကဲ၊ ကျွန်တော့်စာကို အင်နီမေးရှင်းသီအိုရီ စာအုပ်တစ်အုပ်ရဲ့ နိဒါန်းက ပထမဆုံး ဝါကျနဲ့ အဆုံးသတ်ပါရစေ။

“သင် တစ်ယောက်ကောင်း လုပ်မယ်ဆိုပါက ဤစာအုပ်ကို ဆက်မဖတ်ပါနဲ့တော့”