ကျော်ထွန်းညို အပါအဝင် ဇာတ်ရုပ်များစွာအား ပီပြင်စွာပုံဖော်နိုင်ခဲ့သူ သရုပ်ဆောင်နက္ခတ်၏ ငယ်ဘ၀ အမှတ်တရဖြတ်သန်းရာ

ကျော်ထွန်းညို အပါအဝင် ဇာတ်ရုပ်များစွာအား ပီပြင်စွာပုံဖော်နိုင်ခဲ့သူ သရုပ်ဆောင်နက္ခတ်၏ ငယ်ဘ၀ အမှတ်တရဖြတ်သန်းရာ
Published 31 May 2018

သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့လမ်းဆီ လျှောက်လှမ်းရာမှာ အခက်အခဲတွေကြားက လျှောက်လှမ်းခဲ့ရသလို ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ပါဝင်ခွင့်မရခင်မှာလည်း ဒုတိယမင်းသားနေရာကနေ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်ကြိုးစားခဲ့ပါတယ်လို့ ပွင့်ပွင့်လင်း လင်းပြောပြခဲ့သူက သရုပ်ဆောင်နက္ခတ်ပါ။ သရုပ်ဆောင်နက္ခတ်က ထာဝရမန္တလေး ရုပ်သံဇာတ်လမ်းတွဲကနေ လက်ရှိထုတ်လွှင့်နေတဲ့ အရိပ်ရုပ်သံ ဇာတ်လမ်းတွဲအထိ ဇာတ်လမ်းတွဲများစွာမှာ ပါဝင်ခဲ့သလို ပါဝင်ခွင့်ရခဲ့တဲ့ ဇာတ်ရုပ်တိုင်းကိုလည်း ပီပြင်စွာပုံဖော်ခဲ့သူဖြစ်ပါတယ်။ အရိပ်ရုပ်ရှင်ဇာတ်ကားမှာတော့ ကျော်ထွန်းညိုဇာတ်ရုပ်နဲ့ လိုက်ဖက်ညီစွာပုံဖော်ထားတဲ့ သရုပ်ဆောင်နက္ခတ်ရဲ့ ငယ်ဘ၀ အမှတ်တရပုံရိပ်တွေကို ဖော်ပြပေးချင်ပါတယ်။

သရုပ်ဆောင်နက္ခတ်က အောက်တိုဘာ ၂၂ ရက်မှာမွေးဖွားခဲ့သူဖြစ်ပြီး မွေးချင်းအစ်မနဲ့ညီမကြားက သားလတ်တစ်ယောက် ဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝမှာ အဆော့သန်တဲ့ ကလေးတစ်ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။ “ငယ်ငယ်က ကျွန်တော်အရမ်းဆော့တယ်။ သြင်္ကန်တစ်ခုမှာ ဖေဖေနဲ့ မေမေ တီဗွီကြည့်နေတုန်း တီဗွီထဲက အရုပ်တွေ လှုပ်နေတယ်ဆိုပြီး ရေပိုက်နဲ့လှမ်းပက်လိုက်တာ တီဗွီထဲရေဝင်ပြီးရှော့ခ်ဖြစ်သွားဖူးတယ်။ ဖေဖေတို့က အခုထိကို ပြောလို့မဆုံးဘူး”လို့ နက္ခတ်က ရယ်မောပြီးဆိုပါတယ်။ ဒါ့အပြင်နက္ခတ်က မွေးစ လသားအရွယ်ကလေးဘဝမှာကတည်းကကို ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်ခဲ့ရဖူးတယ်လို့လည်း ဆိုခဲ့ပါသေးတယ်။

နက္ခတ်ကကျောင်းပညာရေးအနေနဲ့တော့ အ.ထ.က (၆) အလုံမှာ တက်ရောက်ခဲ့ပြီး ကျောင်းစာမှာတော့ ပုံမှန်လောက်ပဲ ကြိုးစားခဲ့သူတစ်ယောက်ပါလို့ ဆိုပါတယ်။ ငယ်စဉ်ကလေးဘဝမှာ အမှတ်တရတစ်ခုအနေနဲ့ ကျောင်းသားစုံညီပွဲတော်တစ်ခုမှာ သီချင်းဆိုဖူးတယ်လို့လည်းဆိုပါတယ်။ ဘောလုံးကစားရတာကိုလည်း ဝါသနာပါသလို အသင်းခေါင်းဆောင်အနေနဲ့ အမြဲကစားဖြစ်တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးချိန်မှာတော့ စီးပွားရေးတက္ကသိုလ်ဆက်တက်ခဲ့ပြီး ဘွဲ့ရရှိခဲ့ပါတယ်။

အနုပညာ ဝါသနာဗီဇနဲ့ပတ်သက်လို့တော့ ငယ်စဉ်ကလေးဘဝတည်းက သိသာခဲ့ပြီး အများနဲ့ရောနှောမနေတတ်ဘဲ သီးသန့်နေတတ်သလို အလှကြိုက်သူတစ်ယောက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ရုပ်ရှင်ကြည့်ရတာကို အရမ်းသဘောကျသလို သရုပ်ဆောင်တွေရဲ့ အမူအရာတွေကိုလည်း လိုက်လုပ်ပြတတ်တယ်လို့ဆိုပါတယ်။ စာဖတ်ဝါသနာပါသူလည်းဖြစ်ပြီး အရွယ်နဲ့မမျှတဲ့ စာပေမျိုးတွေ၊ အတွေးအမြင်တွေများတဲ့ စာပေအမျိုးအစားတွေကို ပိုပြီးနှစ်သက်တယ်လို့လည်း ဆိုခဲ့ပါတယ်။

သရုပ်ဆောင်နက္ခတ်က အသက် ၁၉ နှစ်လောက်အရွယ်မှာ မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလမ်းကြောင်းပေါ် စတင်ရောက်ရှိလာခဲ့တာပါ။ သရုပ်ဆောင်ပြိုင်ပွဲ၊ မော်ဒယ်ပြိုင်ပွဲများစွာမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သလို ဆုတွေလည်း ရရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ Star Int'l Models Agency မှာ မော်ဒယ်အဖြစ် လှုပ်ရှားခဲ့ပြီး စကားဝါသရုပ်ဆောင်သင်တန်းမှာလည်း တက်ရောက်ခဲ့ပါတယ်။ ဒီသင်တန်းကတစ်ဆင့် MRTV4 Talent Management နဲ့ ဆက်သွယ်ချိတ်ဆက်ခဲ့တာပါ။

အနေအေးတဲ့သူတစ်ယောက်ဖြစ်တဲ့ နက္ခတ်က လူကြီးတွေနဲ့စကားပြောဆို ခင်မင်ရတာ ပိုသဘောကျတတ်သူဖြစ်သလို စဉ်းစားတွေးတောတာများတတ်တာကြောင့်လည်း အားသာချက်အားနည်းချက် နှစ်မျိုးလောက် ရှိတယ်လို့ ဆိုပါတယ်။ စဉ်းစားပြီးမှ လုပ်တတ်သူဖြစ်လို့ အမှားဖြစ်ဖို့ အခွင့်အလမ်းနည်းပေမယ့် စဉ်းစားတာများလွန်းလို့ သိပ်မသွက်သလို အထင်ခံရတာတွေလည်း ရှိတယ်လို့နက္ခတ်ကဆိုပါတယ်။

နက္ခတ်က “ကျွန်တော် ဘယ်လောက်ခက်ခဲလဲဆိုတော့ စကားဝါသင်တန်းကနေ သရုပ်ဆောင်နှစ်ယောက် ရွေးတဲ့အထဲမှာ ပါသွားတယ်။ နောက်တစ်ပတ်လောက်နေတော့ အဲဒီစာရင်းက အတည်မဟုတ်တော့ဘူး။ ထပ်လျှောက်ရမယ်ဆိုပြီး အကြောင်းကြားတယ်။ ထီပေါက်ပြီး ထီလက်မှတ်ပျောက်သလိုမျိုးဖြစ်သွားတာပေ့ါ။ ဒါပေမဲ့ ကျွန်တော် ဇွဲမလျှော့ဘူး။ ထပ်လျှောက်ပြီး အရွေးခံခဲ့ရတယ်။ ပထမဆုံးရိုက်ခွင့်ရတဲ့ ထာဝရမန္တလေးမှာလည်း ဗီလိန်နည်းနည်းဆန်တော့ အပြင်မှာတွေ့ရင် ဗီလိန်ဆိုပြီးပြောကြတော့ နည်းနည်းတော့ စိတ်မကောင်းဖြစ်ရတယ်။ ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ခွင့်ရတာက ဇာတ်လမ်းတွဲ လေးငါးခုပဲ ရှိသေးတယ်။ ကျန်တာတွေက ဒုတိယနေရာက ရိုက်ရတာပါ။ ကျွန်တော်လက်ခံထားတာကတော့ ဘယ်နေရာမှာပဲ သရုပ်ဆောင် ရသည်ဖြစ်စေ ကိုယ်ပါဝင်ရတဲ့ဇာတ်ရုပ်အပေါ်မှာ အကောင်းဆုံးကြိုးစားမယ်လို့ပဲ အမြဲစဉ်းစားပြီးသရုပ်ဆောင်ဖြစ်တယ်”လို့ ဆိုပါတယ်။

သရုပ်ဆောင်နက္ခတ်က ကံ ကံ၏ အကျိုး ကိုပုံဖော်ထားတဲ့ ဇာတ်လမ်းတိုမှာ ပရိသတ်အားပေးမှုစတင်ရရှိလာခဲ့ပြီး အဲဒီနောက်ပါဝင်ခွင့်ရတဲ့ ဇာတ်လမ်းတွဲတိုင်းရဲ့ ဇာတ်ရုပ်တိုင်းမှာ ထပ်တူကျအောင် ပုံဖော်ခဲ့ပါတယ်။ ဒီလို ဇာတ်ရုပ်တိုင်းမှာ ပီပြင်အောင် ပုံဖော်နိုင်ခဲ့တာနဲ့ပတ်သက်လို့ နက္ခတ်က ကျေနပ်တယ်လို့ဆိုခဲ့ပြီး ဇာတ်ကားရိုက်တဲ့အချိန်မှာ နက္ခတ်ဆိုတာကို မေ့ထားပြီး ဇာတ်ကားထဲက ကာရိုက်တာလို့ပဲ သဘောထားခဲ့ပါတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင်နက္ခတ်က ရုပ်သံဇာတ်လမ်းတွဲသစ်တစ်ခု ထပ်ရိုက်ဖို့ရှိပြီး စုံထောက်တစ်ယောက်အနေနဲ့ ပါဝင်ရမှာဖြစ်သလို ကွဲပြားတဲ့ကာရိုက်တာအနေနဲ့ ပရိသတ်မြင်တွေ့နိုင်ဖို့ကြိုးစားသွားမှာပါလို့ ဆိုပါတယ်။ ဒါ့အပြင် ဘာသာတရား ရိုသေ ကိုင်းရှိုင်းမှုကိုလည်း လုပ်ဖြစ်ပါတယ်လို့ နက္ခတ်က ဆိုပါတယ်။ “ကျွန်တော်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းက ဇာတ်ဝင်ခန်းတိုင်းမှာ အပြည့်အဝပဲ ကြိုးစားတယ်။ လျှော့လုပ်လိုက်တယ် ဆိုတာမျိုး ဘယ်တော့မှ မရှိဘူး။ နောက်လည်း ရှိမှာမဟုတ်ဘူးဆိုတာ ကတိပေးနိုင်ပါတယ်”လို့နက္ခတ် ကဆိုပါတယ်။ ပရိသတ်တွေအတွက် စကားလက်ဆောင်အနေနဲ့တော့ “ကျွန်တော်က သိပ်စကားမပြောတော့ မာနကြီးတယ်။ အထာကိုင်တယ်လို့ ထင်ကြတာလည်းရှိတော့ အဲဒီလို မဟုတ်ပါဘူး။ အပြင်မှာတွေ့ရင်ကြိုက်တဲ့ နေရာမှာ လာခေါ်ပါလို့ပြောချင်ပါတယ်။ ပရိသတ်အားလုံးကိုလည်း အရမ်းချစ်ပါတယ်” လို့နှုတ်ဆက်စကားဆိုခဲ့ပါတယ်။