တေးသံရှင်သရုပ်ဆောင်လွှမ်းပိုင်နှင့်တွေ့ဆုံခြင်း

တေးသံရှင်သရုပ်ဆောင်လွှမ်းပိုင်နှင့်တွေ့ဆုံခြင်း
Published 23 May 2018

ဂီတဘက်တွင်အောင်မြင်နေရာမှ သရုပ်ဆောင်အလုပ်နှင့် တွဲဖက်လုပ်ကိုင်ကြသည့် အနုပညာရှင်များစွာရှိသည့်အနက် လူငယ်တေးသံရှင်လွှမ်းပိုင်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ လွှမ်းပိုင်ပါဝင်သည့် ဗီဒီယိုဇာတ်ကားအချို့ ထွက်ရှိလာပြီးနောက် ပရိသတ်အားပေးမှုရရှိခဲ့ကာ ပထမဆုံး ရုပ်ရှင်ဇာတ်ကားအဖြစ် တေးသံရှင်သရုပ်ဆောင်ရဲရင့်အောင်၊ အကယ်ဒမီဖွေးဖွေး တို့နှင့်တွဲဖက်၍ ‘ငါ့ကိုနမ်းတဲ့မုန်တိုင်း’ ဇာတ်ကားတွင် ပါဝင်ထားသည်။ ‘ငါ့ကိုနမ်းတဲ့မုန်တိုင်း’ ကို ဇွန် ၁ ရက်တွင ်စတင်ပြသရန်စီစဉ်ထားသည့်အပြင် ဇာတ်ကား စတင်ပြသချိန်တွင်လည်း မန္တလေးနှင့် ရန်ကုန်မြို့များမှပရိသတ်များနှင့် တွေ့ဆုံရန်စီစဉ်ထားသည်။ တေးသံရှင်လွှမ်းပိုင်က မိုးရာသီကာလအတွင်း တစ်ကိုယ်တော်အယ်လ်ဘမ်သစ် ထွက်ရှိရန် ပြင်ဆင်ထားသည့်အပြင် ပထမဆုံး တစ်ကိုယ်တော်ပွဲပြုလုပ်နိုင်ရန် စီစဉ်နေသူဖြစ်သည်။ လွှမ်းပိုင်နှင့်တွေ့ဆုံ၍ ရိုက်ကူးမှုအတွေ့အကြုံများ၊ ဂီတနှင့်ပတ်သက်သည့် ပြင်ဆင်ထားမှုများကို မေးမြန်းဖြစ်ခဲ့သည်။

 

မေး- ငါ့ကိုနမ်းမယ့်မုန်တိုင်း ရုပ်ရှင်ဇာတ်ကားရိုက်ကူးတဲ့  အမှတ်တရလေး အရင်ပြောပြပေးပါဦး။

ဖြေ- မှတ်မှတ်ရရဆိုရင် ဒီကား ပထမဆုံးရိုက်တဲ့နေ့ လုပ်ရတဲ့ဇာတ်ဝင်ခန်းပေါ့နော်။ နမူနာဗီဒီယိုဖိုင်မှာလည်းတွေ့မှာပါ။ နံရံကို လက်သီးနဲ့ထိုးရတဲ့ ဇာတ်ဝင်ခန်းပေါ့။ အဲဒီနေ့လေးကိုတော့ အမှတ်တရဖြစ်ရပါတယ်။ ကျွန်တော့်အခန်းကို စပြီးရိုက်မယ့်နေ့မတိုင်ခင်ညမှာ အိပ်မပျော်ဘူး။ နောက်နေ့ရှုတင်သွားတဲ့အခါ စိုးရိမ်ခဲ့တဲ့အတိုင်း သိပ်အဆင်မပြေဘူး။ စပြီးသရုပ် ဆောင်ရတဲ့အခန်းကလည်း မဖွေးနဲ့ဆုံတဲ့အခန်းဖြစ်သလို ဇာတ်ရဲ့ Tempo ကလည်း နည်းနည်းမြင့်တဲ့အတွက် မလုပ်နိုင်ဘူးလို့ထင်ခဲ့တယ်။ ဒီဝတ္ထုကလည်း ဖတ်ဖူးတဲ့သူတွေ ရှိမယ်လေ။ နောက်နေ့မှာတော့ ဒါရိုက်တာနှစ်ယောက်စလုံးက စိုးရိမ်စိတ်မထားဖို့ပြောခဲ့တယ်။ အဲဒီကနေမှ နောက်ပိုင်းဇာတ်ဝင်ခန်းတွေက တော်တော်လေး အဆင်ပြေသွားပါတယ်။

မေး - ဇာတ်ဝင်သီချင်းအသစ်တွေ ဆိုထားတယ်။ အဲဒါလေးတွေ လက်ဆောင်ပေးမယ်ဆိုတော့ ပြောပြပေးပါဦး။

ဖြေ - ဒီဇာတ်ကားထဲမှာ ဇာတ်ဝင်တေးသီချင်း အသစ်တွေပါတယ်။ ကျွန်တော်က နှစ်ပုဒ်ရေးထားပါတယ်။ တစ်ပုဒ်ကတော့ ကေကေမိုးဆိုထားပြီး တစ်ပုဒ်ကိုတော့ မရတနာမိုင်ဆိုထားပါတယ်။ တခြားသူတွေ ရေးပြီးဆိုထားတဲ့ သီချင်းသစ်တွေလည်းရှိပါတယ်။ ကိုဝေလ၊ ကိုသာဒီးလူ၊ ထက်ယံတို့လည်း ရေးပေးထားပါတယ်။ ဇာတ်ကားနဲ့တွဲဖက်ပြီး သီချင်းလေးတွေပါနားထောင်ခွင့်ရမှာပါ။ အဲဒီဇာတ်ဝင်သီချင်းလေးတွေကို အခွေအနေနဲ့စုစည်းပြီး ပရိသတ်တွေကို လက်ဆောင်ပေးသွားမယ့် အစီအစဉ်လည်း ပါပါတယ်။

မေး - အကြိုက်ဆုံး ဇာတ်ဝင်ခန်းဆိုရင်ရော ရှိလား။

ဖြေ - ကျွန်တော်စရိုက်တုန်းက အခက်အခဲတွေ၊ စိုးရိမ်မှုတွေကျော်လွန်ပြီး ကျွန်တော်နဲ့ ဒီ ဇာတ်ကောင်နဲ့တစ်သားတည်းဖြစ်လာချိန်မှာ ရိုက်ရတာပျော်လာတယ်။ အကြိုက်ဆုံး ဇာတ်ဝင်ခန်းဆိုရင်တော့ ကျွန်တော်နဲ့ မဖွေးနဲ့ သစ်ပင်အောက်မှာ စကားပြောတဲ့ ဇာတ်ဝင်ခန်းပါ။ ရိုက်ခဲ့တဲ့ဇာတ်ကားတွေထဲက ဇာတ်ဝင်ခန်းတွေထဲမှာ အကြိုက်ဆုံးဇာတ်ဝင်ခန်းပဲ။ ဒါရိုက်တာက ကဒ်လို့ပြောပြီးတာတောင် ကျွန်တော့်စိတ်ထဲမှာ ဆို့ဆို့နင့်နင့်ကြီး ခံစားနေရတုန်းပဲ။

မေး - နောက်ထပ်ဇာတ်ကား ရိုက်မယ်ဆိုရင် ဘယ်လိုဇာတ်ရုပ်မျိုးလေး သရုပ်ဆောင်ချင်လဲ။

ဖြေ - ထပ်ရိုက်ခွင့်ရမယ်ဆိုရင် ပညာမတတ်ဘဲ ချို့တဲ့ပြီး သဘာဝဆန်တဲ့ပုံစံမျိုးလေး ရိုက်ချင်တယ်။

မေး - ဗီလိန်နေရာမှာရော သရုပ်ဆောင်ချင်လား။

ဖြေ - ဒီဝတ္ထုကို စဖတ်ပြီးတဲ့အချိန်မှာ ဗီလိန်နေရာကို တော်တော်လေးကြိုက်တယ်။ တကယ့်ကိုမိုက်တဲ့ ကာရိုက်တာတစ်ခုပေါ့။ အခုရဲရင့်အောင်လုပ်ထားတာလည်း တော်တော်ကောင်းတယ်။ ကျွန်တော်သရုပ်ဆောင်ခွင့်ရရင်တောင် အဲဒီလောက် လုပ်နိုင်ချင်မှ လုပ်နိုင်မှာလေ။

မေး - ရုံတင်တဲ့အခါ ပရိသတ်တွေနဲ့တွေ့ဆုံသွားမယ့် အစီအစဉ်တွေရောရှိလား။

ဖြေ - ဟုတ်ရှိပါတယ်။ ရန်ကုန်မှာရော မန္တလေးမှာပါ လက်မှတ်ထိုးပွဲတွေလုပ်ပါမယ်။ မန္တလေးမှာက ဇွန် ၁ ရက်လုပ်မှာဖြစ်ပြီး ရန်ကုန်မှာတော့ ဇွန် ၂ ရက်မှာလုပ်ဖို့စီစဉ်ထားတယ်။

မေး- ဒီဇာတ်ကားကိုကြည့်မယ့် ပရိသတ်တွေအတွက် ဘယ်လိုရသမျိုးတွေ ရနိုင်တယ်လို့ထင်လဲ။

ဖြေ - ဒီဇာတ်ကားက ပရိသတ်တွေ ရင်ထဲကို ခံစားမှုတစ်ခုခု ကျန်ခဲ့မယ်လို့ထင်ပါတယ်။ ကျွန်တော်ရော ရဲရင့်အောင်ရောက အဆိုဘက်ကလာတဲ့ သူတွေဆိုတော့ ဒီဇာတ်ကားလေးကို ကြည့်ပြီး ကျွန်တော်တို့ရဲ့အားထုတ်မှုလေးတွေကို အားပေးပါဦးလို့ ပြောချင်ပါတယ်။

မေး - ဇာတ်ဝင်သီချင်းနှစ်ပုဒ်လည်း ရေးထားတယ်ဆိုတော့ အဲဒီသီချင်းတွေကို ဘယ်လိုဖန်တီးဖြစ်ခဲ့လဲ။

ဖြေ - ဒီဇာတ်ကားရဲ့ဝတ္ထုကို ဖတ်လိုက်တဲ့အခါ အချစ်ဇာတ်လမ်းလေးပေါ့။ ဇာတ်ဝင်သီချင်းပါရင် ပိုကောင်းမှာပဲလို့ စဉ်းစားမိတယ်။ အဲဒါနဲ့ပဲ သီချင်းရေးဖို့ကြိုးစားဖြစ်တယ်။ မောင်မငိုရ ဘူးနော်ဆိုတဲ့သီချင်းရော မင်းမျက်ဝန်းဆိုတဲ့ သီချင်းနှစ်ပုဒ်လုံးက မဖွေးဇာတ်ရုပ်အတွက် ခံစားပြီးရေးကြည့်ခဲ့တာပါ။ ပရိသတ်တွေလည်း နားဆင်ခွင့်ရတဲ့အခါ ကြိုက်မယ်လို့ ထင်ပါတယ်။

မေး - သရုပ်ဆောင်တာနဲ့သီချင်းဆိုရတာ ကွာခြားတဲ့ ခံစားချက်ဆိုရင်ရော။

ဖြေ - သီချင်းဆိုတဲ့ ခံစားချက်ကကျတော့ ကိုယ့်ပါဖောမန့်စ်နဲ့ ပရိသတ်နဲ့ တစ်ထပ်တည်းကျ အောင်ပြင်ဆင်ရတယ်။ ကြိုးစားရတယ်။ ရုပ်ရှင်ကျတော့ ပရိသတ်နဲ့ တိုက်ရိုက်တွေ့ရတာ မဟုတ်ပေမယ့် ပရိသတ်ရှေ့ ရောက်တဲ့အခါ သူတို့ကျေနပ်အောင် ပြင်ဆင်ကြိုးစားရပါတယ်။

မေး - နောက်ထပ် ဘယ်ဇာတ်ကားတွေ ရုံတင်ဖို့ရှိမလဲ။

ဖြေ - ငါ့ကိုနမ်းတဲ့မုန်တိုင်းပြီးရင် ကြွေ ဇာတ်ကားတင်မယ်။ ပြီးရင် ကိုယ်စောင့်နတ် ဇာတ်ကားနဲ့ ရပ်ကျော်ရွာကျော် ဇာတ်ကားရုံတင် ဖို့ရှိပါသေးတယ်။

မေး - ဒီဇာတ်ကားကို အားရကျေနပ်မှုရှိလား။

ဖြေ - လောလောဆယ်ထိတော့ အားရကျေနပ်မှုရှိပါတယ်။ ပရိသတ် တွေကကျွန်တော်တို့ရဲ့ကြိုးစားမှုအပေါ် အကဲဖြတ်ရမှာပါ။

မေး - ကြွေ ဇာတ်ကားကရော ဘယ်တော့လောက် ရုံတင်နိုင်မလဲ။

ဖြေ - ကြွေ ဇာတ်ကားက ဇူလိုင်လမှာရုံတင်မှာပါ။ အဲဒီ ဇာတ်ကားလေးကလည်း ကျွန်တော်အရမ်းကြိုက်တဲ့ ဇာတ်လမ်းဖြစ်သလို ကျွန်တော့်စိတ်ထဲမှာအမြဲခံစားရတဲ့ တက္ကသိုလ်ကျောင်းသားဘဝကို ပုံဖော်ထားတာဖြစ်လို့ အဲဒီဇာတ်ကားကိုလည်း ရင်ခုန်ပါတယ်။

မေး - တစ်ကိုယ်တော်ပွဲရော အခုနှစ်ထဲမှာလုပ်ဖြစ်မလား။

ဖြေ - ကျွန်တော့်ရဲ့တစ်ကိုယ်တော်ခွေသစ် တစ်ခွေကို  အခုနှစ်သြဂုတ်လလောက် ထွက်နိုင်ဖို့ပြင်ဆင်နေပါ တယ်။ သီချင်းတွေသွင်းနေတယ်။ အဲဒီခွေထွက်ပြီးတာနဲ့ တစ်ကိုယ်တော်ပွဲလုပ်ဖို့ ပြင်ဆင်သွားမှာပါ။

မေး - နောက်ထပ် ရိုက်ဖို့စီစဉ်ထားတာရော ရှိလား။

ဖြေ - တစ်ကားရိုက်ဖို့ စီစဉ်ထားတာရှိပါတယ်။ အခု လောလောဆယ် ဇာတ်ညွှန်းရေးနေပါတယ်။ အားလုံး ပြီးသွားလို့ ရိုက်ဖြစ်တာနဲ့ အသိပေးသွားမှာပါ။

မေး - ရဲရင့်အောင်နဲ့တွဲဖက်ရိုက်ရတဲ့အခါ ဘယ်လိုခံစားရလဲ။

ဖြေ - ကျွန်တော်ကလည်း ကျွန်တော်ပါဝင်ရတဲ့ ဇာတ်ရုပ်ကိုတစ်ထပ်တည်းကျအောင် ကြိုးစားနေရသလို ရဲရင့်အောင်လည်း သူပါဝင်ရတဲ့ဇာတ်ရုပ်ကိုပဲ စီးမျောနိုင်အောင် ကြိုးစားနေရတဲ့ ခံစားချက်တွေပဲရှိပါတယ်။ နှစ်ယောက်လုံးကတော့ ကိုယ်ပါဝင်ရတဲ့အခန်းကဏ္ဍကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသရုပ်ဆောင် ခဲ့ရတယ်လို့ထင်ပါတယ်။

မေး - ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်များရှိဦးမလား။

ဖြေ - ကျွန်တော်တို့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားထားတဲ့ဒီဇာတ်ကားလေးကို ရုံတင်တဲ့ အခါလည်း အားပေးစေချင်ပါတယ်။ ပရိသတ်တွေနဲ့တွေ့ဆုံသွားဖို့လည်း အစီအစဉ်တွေရှိတာကြောင့် တွေ့ဆုံချင်ပါတယ်လို့ပြောချင်ပါတယ်။