မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကို မေလကုန်တွင် စင်ကာပူနိုင်ငံ၌ သွားရောက်ပြသရန်စီစဉ်ထား

မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကို မေလကုန်တွင် စင်ကာပူနိုင်ငံ၌ သွားရောက်ပြသရန်စီစဉ်ထား
Published 7 May 2018

ဒါရိုက်တာခရစ် (စ်) တီးနားခီ၏ ပထမဆုံး အနုပညာဖန်တီးမှုလက်ရာဖြစ်သည့် 'မုဒြာရဲ့ခေါ်သံ' ရုပ်ရှင်ဇာတ်ကားကို မေလကုန်တွင် စင်ကာပူနိုင်ငံ၌ပြသမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါရုပ်ရှင်ဇာတ်ကားကို ပြည်တွင်းတွင် ရုံတင်ပြသခဲ့ရာ၌ ခြောက်ပတ်ကြာ မျှဆက်တိုက်ပြသခွင့်ရခဲ့ပြီး ယခုအခါစင်ကာပူနိုင်ငံ၌ သွားရောက်ပြသနိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်။

“ခရစ်(စ်)တို့ရဲ့ မုဒြာရဲ့ခေါ်သံဇာတ်ကားကို ခြောက်ပတ်ကြာအောင်ပြသခွင့်ရဖို့ အားပေးခဲ့ကြတဲ့ပရိသတ်တစ်ယောက်ချင်းစီကို အရမ်းကျေးဇူးတင်ပါတယ်။ မေလကုန်မှာလည်း စင်ကာပူနိုင်ငံမှာ သွားရောက်ပြသနိုင်ဖို့ပြင်ဆင်နေပါတယ်။ ပြသမယ့်နေ့ရက် နဲ့ပွဲချိန်တွေကိုလည်း အသေးစိတ်ညှိနှိုင်းပြီးသွားရင် ထုတ်ပြန်သွားပါမယ်။ စင်ကာပူက ပရိသတ်တွေကိုလည်း မုဒြာဇာတ်ကားပြသတဲ့အခါ ဥပါယ်တံမျဉ်လိုပဲ အားပေးကြပါဦးလို့ ပြောချင်ပါတယ်” ဟု ဒါရိုက်တာခရစ်(စ်)တီးနားခီက ဆိုသည်။

'မုဒြာရဲ့ခေါ်သံ' ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်ဇဏ်ခီ၊ လှယဉ်ကျေး၊ နန်းဝေေ၀ထွန်း၊ မာရီကိုးလ်နှင့်အနုပညာရှင်များစွာ ပါဝင်ထားသည်။ ယင်းဇာတ်ကားမှာ မြန်မာပြည်မှ မွေးစားခေါ်ဆောင်သွားခြင်း ခံရသည့်ကောင်လေးတစ်ဦး ပြည်ပတွင်နေထိုင် ကြီးပြင်းလာပြီးနောက် အရွယ်ရောက်လာချိန်တွင် မြန်မာနိုင်ငံသို့ပြန်လည်လာရောက်ကာ မိဘရင်းများအား ရှာဖွေပုံကိုနောက်ခံထားပြီး မြန်မာ့ယဉ်ကျေးမှု အလှအပများ၊ မြန်မာတို့၏ ခရီးသွားဆွဲဆောင်ရာဒေသများ၊ မြန်မာအမျိုးသမီးတို့၏ ယဉ်ကျေးသိမ်မွေ့ပုံများကိုပါ ထည့်သွင်းပုံဖော်ထားသည့် ဇာတ်ကား ဖြစ်သည်။ ယင်းဇာတ်ကားမှာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင်လည်း ပြသခွင့်ရရှိထားကာ ဆုနှစ်ခုလည်း ရရှိထားသည့် ဇာတ်ကားတစ်ကားဖြစ်သည်။ ဇွန်လတွင် အမေရိကန်နိုင်ငံ၌ပြုလုပ်မည့် ရုပ်ရှင်ပွဲတော်တစ်ခုတွင်လည်း ယင်းဇာတ်ကားကိုပြသရန် ရွေးချယ်ထားကြောင်း သိရသည်။