စိတ်ကျန်းမာရေးယိုယွင်းမှုအတွက် ကုသမှုခံယူခဲ့ပြီးနောက် ကာနေးဝက်စ်က အယ်လ်ဘမ်သစ်နှစ်ခု ဖြန့်ချိမည်ဟု ကြေညာ

စိတ်ကျန်းမာရေးယိုယွင်းမှုအတွက် ကုသမှုခံယူခဲ့ပြီးနောက် ကာနေးဝက်စ်က အယ်လ်ဘမ်သစ်နှစ်ခု ဖြန့်ချိမည်ဟု ကြေညာ
Published 21 April 2018

စိတ်ကျန်းမာရေးယိုယွင်းမှုအတွက် ကုထုံးဖြင့်ကုသမှုခံယူနေစဉ်အတွင်း ဂီတလောကမှ တစ်နှစ်ခွဲကျော် ပျောက်ကွယ်ခဲ့သည့် ရက်ပ်အဆိုတော် ကာနေးဝက်စ်က အယ်လ်ဘမ်သစ်နှစ်ခု ဖြန့်ချိမည်ဟု ဧပြီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကိုယ့်ကိုယ်ကိုယ် မိုက်ကယ်အင်ဂျလိုနှင့် ခိုင်းနှိုင်းလေ့ရှိသည့်အသက် ၄၀ အရွယ်ရှိ ရက်ပ်အဆိုတော်၊ ဖက်ရှင်ဒီဇိုင်နာ ကာနေးဝက်စ်က ဇွန် ၁ ရက်တွင် သီချင်းခုနစ်ပုဒ်ပါ အယ်လ်ဘမ်နှင့် ယင်းအယ်လ်ဘမ်  ဖြန့်ချိပြီး သီတင်းတစ်ပတ်အကြာတွင် ၎င်း၏ တပည့်ရင်းချာဖြစ်သော ကစ်ကူဒီနှင့် ပူးပေါင်းဆောင်ရွက်ထားသည့် အယ်လ်ဘမ်တစ်ခု ဖြန့်ချိမည်ဟု ပြောကြားခဲ့သည်။

Twitter အကောင့်ကို တစ်နှစ်ကြာဖျက်ခဲ့ပြီးနောက် ယခုသီတင်းပတ်အစောပိုင်းတွင် ပြန်လည်အသုံးပြုခဲ့သည့် ကာနေးဝက်စ်က အယ်လ်ဘမ်သစ်များအကြောင်းကို အနည်းငယ်သာ ပြောကြားခဲ့သည်။ သို့သော် ကစ်ကူဒီနှင့် ပူးပေါင်းဆောင်ရွက်ထားသည့် အယ်လ်ဘမ်ကို Kids See Ghost ဟု အမည်ပေးထားကြောင်း Twitter တွင် ရေးသားခဲ့သည်။ ဖြစ်ရပ်မှန် ရုပ်သံအစီအစဉ်တင်ဆက်သူ ကင်ကာဒစ်ရှန်၏ ခင်ပွန်းဖြစ်သည့် ကာနေးဝက်စ်က ၂၀၁၆ ခုနှစ်တွင် Saint Pablo ဖျော်ဖြေပွဲ ခရီးစဉ်တစ်ခုအတွင်း ဟီလာရီကလင်တန်၊ ဂျေဇီး၊ဘီယွန်းဆေး၊ မက်ဇက်ကာဘာ့ဂ်နှင့် MTV အစီအစဉ်တို့ကို ဝေဖန်တိုက်ခိုက်ခဲ့ပြီးနောက် ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့သည်။

ဝက်စ်သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာက ပြုလုပ်ခဲ့သည့် ဖျော်ဖြေပွဲတွင် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် မဲမပေးခဲ့ကြောင်းနှင့် အကယ်၍မဲပေးဖြစ်ခဲ့ပါက ဒေါ်နယ်ထရန့်ကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သောကြောင့် ပရိသတ်များက အံ့အားသင့်ပြီး ၎င်းကို လှောင်ပြောင်သရော်ခဲ့သည်။

ဝက်စ်သည် ပင်ပန်းနွမ်းလျမှုကြောင့် ဖျော်ဖြေပွဲများ ဖျက်သိမ်းခဲ့ပြီး စိတ်ကျန်းမာရေး ယိုယွင်းမှုအတွက် ကုထုံးဖြင့် ကုသမှုခံယူခဲ့ရသည်ဟု ၎င်း၏ လက်ထောက်များက ပြောကြားခဲ့သည်။ ယင်းနောက်ပိုင်းတွင် ကာနေးဝက်စ်ကို လူမြင်ကွင်း၌ ရံဖန်ရံခါမျှသာ တွေ့ရှိခဲ့ရသည်။ ဝက်စ်သည် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဒေါ်နယ်ထရန့်ကို ထရန့်တာဝါ၌ သွားရောက် တွေ့ဆုံခဲ့သေးသည်။

ဝက်စ်သည် ၂၀၁၆ ခုနှစ်တွင် ဝင်ငွေဒေါ်လာ ၁၇ ဒသမ ၅ သန်းရရှိခဲ့ပြီး Forbes မဂ္ဂဇင်း၏ ဝင်ငွေအများဆုံးရ ဟစ်ဟော့ပ်အဆိုတော်စာရင်းတွင် နံပါတ် ၁၁ အဖြစ် ဖော်ပြခံခဲ့ရသည်။ ဖျော်ဖြေပွဲများဖျက်သိမ်းမှုကြောင့် ဝက်စ်သည် ဒေါ်လာ ၁၀ သန်းခန့် ဆုံးရှုံးခဲ့သည်ဟု Forbes က ခန့်မှန်းခဲ့သည်။