ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားအား စင်ကာပူနိုင်ငံ၌ပြသရာ ပရိသတ်များပြားသဖြင့် ပွဲစဉ်ထပ်တိုးပြသခဲ့ရ

ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားအား စင်ကာပူနိုင်ငံ၌ပြသရာ ပရိသတ်များပြားသဖြင့် ပွဲစဉ်ထပ်တိုးပြသခဲ့ရ
Published 2 April 2018

ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားအား စင်ကာပူနိုင်ငံ၌ မတ် ၃၀၊ ၃၁ ရက်နှင့် ဧပြီ ၁ ရက်များတွင် ပြသခဲ့ရာ၌ ပရိသတ်အားပေး ကြည့်ရှုမှု များပြားခဲ့သဖြင့် မူလသတ်မှတ်ထားသည့် ပွဲစဉ်သုံးပွဲအပြင် တစ်ပွဲထပ်တိုးကာ ညပွဲတစ်ပွဲကိုပါ နေ့စဉ်ထည့်သွင်းပြသခဲ့ရကြောင်း သိရသည်။ ယင်းအတွက် စင်ကာပူနိုင်ငံ၌ တစ်ရက်လျှင် ပွဲစဉ်လေးပွဲ ပြသခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

“ပထမ သတ်မှတ်ထားတာက ပွဲစဉ်သုံးပွဲပါပဲ။ ဒါပေမဲ့ ပွဲစဉ်အားလုံး လက်မှတ်တွေ ပြည့်သွားပြီး လက်မှတ် မရလိုက်လို့ မကြည့်ရတဲ့ ပရိသတ်တွေကလည်း တောင်းဆိုကြတာကြောင့် ညပွဲစဉ်တစ်ပွဲကိုပါ ထပ်တိုးပြသဖို့ ဆုံးဖြတ်ခဲ့တာပါ။ အခုလို တစ်ခဲနက်အားပေးကြတဲ့ ပရိသတ်အားလုံးကို အရမ်းကျေးဇူး တင်ပါတယ်။ ပရိသတ်များက ပေးတဲ့ချစ်ခြင်းမေတ္တာကြောင့် ခွန်အားတွေလည်း အများကြီး ဖြစ်ရပါတယ်။ စင်ကာပူမှာပြသဖို့ဆုံးဖြတ်ခဲ့ပေမဲ့ ပရိသတ်တွေဒီလောက်များမယ်လို့တော့ ထင်မှတ်မထားဘူး။ အခုတော့တော်တော်လေးကို အားရှိရပါတယ်။ စင်ကာပူက ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ဒါရိုက်တာခရစ်(စ်)တီးနားခီက ဆိုသည်။

ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားအား စင်ကာပူနိုင်ငံ၌ပြသရာတွင် ယင်းဇာတ်ကားအား ရိုက်ကူးထားသည့် ဒါရိုက်တာခရစ်(စ်)တီးနားခီ၊ သရုပ်ဆောင်ဇဏ်ခီ၊ အောင်မြင့်မြတ်၊ kaew koravee တို့က ပရိသတ်များ အားသွားရောက်တွေ့ဆုံခဲ့ပြီး အမှတ်တရ လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားမှာ စင်ကာပူနိုင်ငံရောက် မြန်မာပရိသတ်များ၏ တောင်းဆိုမှုဖြင့် သွားရောက်ပြသခဲ့ရခြင်းဖြစ်ပြီး ရက်သတ္တပတ်တစ်ပတ် ထပ်တိုးပြသနိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။

ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားမှာ ဆင်းရဲချမ်းသာ ကွာဟမှုကြားတွင် အဆင်မပြေမှုများ၊ ဘဝ၏အခက်အခဲများဖြင့် ကြီးပြင်းလာရသည့် ထွက်ပေါက်မဲ့လူငယ်များ၏ မှားယွင်းသည့်ထွက်ပေါက်ရှာဖွေမှု၊ ချမ်းသာသည့် အသိုင်းအဝန်းကြားတွင် ကြီးပြင်းလာခဲ့ရသူတို့နှင့် ကွာဟနေသည့် အတွေးအခေါ် ၊ ခံယူချက်များကို ထင်ဟပ်ပုံဖော်ထားခြင်း ဖြစ်သည်။ ယင်းဇာတ်ကားမှာ မြန်မာနိုင်ငံတွင် ရုံတင်ပြသစဉ်ကလည်း ရက်သတ္တပတ် ရှစ်ပတ်မြောက်အထိ အချိန်အကြာဆုံး ရုံတင်ပြသနိုင်ခဲ့သည့် ဇာတ်ကားတစ်ကားလည်းဖြစ်သည်။ ဥပါယ်တံမျဉ်ဇာတ်ကားကို ပြည်ပနိုင်ငံတွင်ပထမဆုံးပြသမှုအဖြစ် စင်ကာပူနိုင်ငံ၌ သွားရောက်ပြသခြင်းဖြစ်ပြီး အခြားသော အိမ်နီးချင်းနိုင်ငံများ၌လည်း ပြသနိုင်ရန် စီစဉ်လျက်ရှိသည်။

Most Read

Most Recent