မက်ဂန်မာခယ်က အလိဇဘတ်ဘုရင်မကြီးနှင့်အတူ တော်ဝင်အခမ်းအနားတစ်ခုကို ပထမဆုံးအကြိမ် တက်ရောက်

မက်ဂန်မာခယ်က အလိဇဘတ်ဘုရင်မကြီးနှင့်အတူ တော်ဝင်အခမ်းအနားတစ်ခုကို ပထမဆုံးအကြိမ် တက်ရောက်
Published 14 March 2018

Photo: AFP

ဗြိတိန်မင်းသားဟာရီ၏ ဇနီးလောင်းဖြစ်သည့် အမေရိကန်သရုပ်ဆောင် မက်ဂန်မာခယ်သည် အလိဇဘတ်ဘုရင်မကြီးနှင့်အတူ မတ် ၁၂ ရက်တွင် တော်ဝင်အခမ်းအနားတစ်ခုကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့သည်။

ဓနသဟာယနေ့ ဝတ်ပြုဆုတောင်းပွဲအတွက် မာခယ်သည် ဟာရီ၊ ဟာရီ၏ဖခင် ချားစ်မင်းသား၊ ဟာရီ၏အစ်ကို ဝီလျံမင်းသားနှင့် ၎င်း၏ဇနီး ကိတ်မစ်ဒယ်တန်တို့နှင့်အတူ Westminster Abbey ကျောင်းတော်သို့ ရောက်ရှိခဲ့သည်။

ဗြိတိန်တွင် နှစ်စဉ်ပြုလုပ်နေကျ ခရစ်ယာန်အသင်းတော် အားလုံးပါဝင်သည့် ဝတ်ပြုဆုတောင်းပွဲသို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေနှင့် ဓနသဟာယနိုင်ငံများအဖွဲ့ အတွင်းရေးမှူးချုပ် Patricia Scotland တို့လည်း တက်ရောက်ခဲ့သည်။

ယမန်နှစ် နိုဝင်ဘာတွင် စေ့စပ်ကြောင်းလမ်းခဲ့သည်ဟု ကြေညာခဲ့ပြီးနောက် ဟာရီမင်းသားနှင့် မာခယ်သည် လူမြင်ကွင်းသို့ အတူသွားရောက်လေ့ ရှိသော်လည်း မတ် ၁၂ ရက်တွင် ဝတ်ပြုဆုတောင်းပွဲ တက်ရောက်မှုသည် အလိဇဘတ်ဘုရင်မကြီးနှင့်အတူ အခမ်းအနားတစ်ခုကို ပထမဆုံးအကြိမ် တက်ရောက်မှုဖြစ်သည်။

အလိဇဘတ်ဘုရင်မကြီး၏မြေး၊ ဗြိတိန်ထီးနန်းကို ဆက်ခံမည့် ပဉ္စမမြောက်နေရာတွင်ရှိသည့် ဟာရီနှင့် အမေရိကန်သရုပ်ဆောင် မက်ဂန်မာခယ်တို့၏ မင်္ဂလာပွဲကို မေ ၁၉ ရက်တွင် ဝင်ဆာရဲတိုက်ရှိ စိန့်ဂျော့ဝတ်ပြုဆုတောင်းဆောင်၌ ကျင်းပမည်ဟု ကင်ဆင်တန်နန်းတော်က ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အသက် ၉၁ နှစ်အရွယ်ရှိ အလိဇဘတ်နှင့် အခြားတော်ဝင်မိသားစုဝင်များသည် ဟာရီ၏ မင်္ဂလာပွဲသို့ တက်ရောက်မည်ဖြစ်သည်။

အသက် ၃၆ နှစ်အရွယ်ရှိ မာခယ်သည် မင်္ဂလာပွဲမတိုင်မီ ပြင်ဆင်မှုအဖြစ် ပြီးခဲ့သည့် သီတင်းပတ်တွင် ခရစ်ယာန်အသင်းတော်ဝင်အဖြစ် သွတ်သွင်းမှုခံယူခဲ့သည်။

အမေရိကန်မှုခင်းဇာတ်လမ်းတွဲ Suits တွင် Rachel Zane ဇာတ်ကောင်ဖြင့် ထင်ရှားခဲ့သည့် မာခယ်သည် ဗြိတိန်နိုင်ငံသားဖြစ်ရန် ရည်ရွယ်ထားသော်လည်း လုပ်ငန်းစဉ် လုပ်ဆောင်နေဆဲကာလတွင် အမေရိကန်နိုင်ငံသားဖြစ်မှုကို ထိန်းသိမ်းထားမည်ဖြစ်သည်။

Most Read

Most Recent