ပြင်သစ်အော်စကာဆုပေးပွဲတွင် 120 Beats Per Minute က အကောင်းဆုံးဇာတ်ကားဆုရရှိ

ပြင်သစ်အော်စကာဆုပေးပွဲတွင် 120 Beats Per Minute က အကောင်းဆုံးဇာတ်ကားဆုရရှိ
Published 4 March 2018

ပြင်သစ်အော်စကာဆုပေးပွဲတွင် ဂုဏ်ထူးဆောင်ဆု ရရှိခဲ့သည့် သရုပ်ဆောင် ပင်နီလုခရုဇ် (Photo- AFP)

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် မတ် ၂ ရက်က ကျင်းပခဲ့သည့် ပြင်သစ်အော်စကာဆုပေးပွဲ (Cesars ဆုပေးပွဲ) တွင် 120 Beats Per Minute  ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆုကို ဆွတ်ခူးခဲ့သည်။ ယခုနှစ် Cesars ဆုပေးပွဲသို့ တက်ရောက်လာသူ အများစုသည် အမျိုးသမီးများ အကြမ်းဖက်ခံရမှုကို ဆန့်ကျင်သည့်အနေဖြင့် အဖြူရောင်ဖဲကြိုးများ တပ်ဆင်ခဲ့ကြသည်။

၁၉၉၀ ပြည့်လွန်နှစ်များတွင် ပြင်သစ်ရှိ အေ့စ်ဒ်ရောဂါတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူများအကြောင်း ရိုက်ကူးထားသည့် ယင်းဇာတ်ကားသည် ဆန်ခါတင်စာရင်းတွင် လျာထားခံရသည့်ဆု ၁၃ ဆု အနက် အကောင်းဆုံးဇာတ်ကားဆုအပါအဝင် ဆုခြောက်ဆုဆွတ်ခူးခဲ့သည်။ ဒါရိုက်တာ Robin Campillo ရိုက်ကူးသည့် ယင်းဇာတ်ကားသည်၂၀၁၇ ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်တွင် ချီးမွမ်းခံခဲ့ရပြီး Grand Prix အပါအဝင် ဆု လေးဆုရရှိခဲ့သည်။

ယခုနှစ် Cesars ဆုပေးပွဲတွင် ဒါရိုက်တာ Albert Dupontel က ပထမကမ္ဘာစစ်အတွင်း စစ်သားနှစ်ဦးကြား ခင်မင်ရင်းနှီးမှုအကြောင်း ရိုက်ကူးထားသည့် Au Revior la - haute ဇာတ်ကားဖြင့် အကောင်းဆုံးဒါရိုက်တာဆုကို ဆွတ်ခူးခဲ့သည်။ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို Jeanne Balibar က Barbara ဇာတ်ကားဖြင့် ရရှိခဲ့ပြီး Swann Arlaud က Petit Paysan ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ရရှိခဲ့သည်။

စပိန်သရုပ်ဆောင်ပင်နီလုခရုဇ်သည် ယခုနှစ် ဆုပေးပွဲတွင် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံခဲ့ရသည်။

ပြီးခဲ့သည့်နှစ်ဆုပေးပွဲတွင် အငြင်းပွားဖွယ် ပြင်သစ်-ပိုလန်ဒါရိုက်တာ ရိုမန်ပိုလန်စကီးကို ဆုရွေးချယ်ရေးဥက္ကဋ္ဌအဖြစ် ဖိတ်ကြားမှုနှင့်ပတ်သက်ပြီး အမျိုးသမီးဝါဒီများက ဒေါသဖြစ်ခဲ့ကြသည်။ ပိုလန်စကီးသည်လည်း ကန့်ကွက်မှုများကြောင့် နုတ်ထွက်ခဲ့သည်။

ယခုနှစ်ဆုပေးပွဲတွင်မူ #Me Too လှုပ်ရှားမှုက လွှမ်းမိုးခဲ့သည်။ လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများကို ရှုတ်ချမှုအဖြစ် မာရီရွန်ကော်တီလားနှင့် ပီနီလုခရုဇ်အပါအဝင် အနုပညာရှင်များက အဖြူရောင်ဖဲကြိုးများ တပ်ဆင်ခဲ့ကြသည်။

“အဖြူရောင်ဖဲကြိုးတပ်ဆင်မှုဟာ ကျွန်မတို့ရဲ့ စည်းလုံးညီညွတ်မှုကိုပြသတဲ့ နည်းလမ်းတစ်ခုပါ” ဟု ပြင်သစ်အမျိုးသမီးသရုပ်ဆောင်၊ ထုတ်လုပ်သူ Julie Gayet က ပြောကြားခဲ့သည်။

လိင်ပိုင်းဆိုင်ရာ စော်ကားမှုစွပ်စွဲချက်များကြောင့် ဟောလိဝုဒ်အထင်ကရထုတ်လုပ်သူဟာ ဗေးဝိန်းစတိန်းကျဆုံးခန်းနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ကမ္ဘာတစ်ဝန်းရှိ ရုပ်ရှင်အသိုင်းအဝိုင်းတွင် လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုနှင့် နှောင့်ယှက်ခံရမှုဇာတ်လမ်းများ ထွက်ရှိခဲ့သည်။ ဒါဇင်နှင့်ချီသော သရုပ်ဆောင်များနှင့် အမျိုးသမီးများက အနုပညာနယ်ပယ်တွင် သြဇာကြီးအမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ထုတ်ဖော်ပြောကြားခဲ့သည်။