1987 ဇာတ်ကားကို ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး ဇာတ်ကားအဖြစ် သတင်းထောက်များ ရွေးချယ်

1987 ဇာတ်ကားကို ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး ဇာတ်ကားအဖြစ် သတင်းထောက်များ ရွေးချယ်
Published 1 February 2018

ကိုရီးယားနိုင်ငံ၌ ၁၉၈၇ ခုနှစ် ဇွန်တွင် စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရကို ဆန့်ကျင်သည့် နိုင်ငံတစ်ဝန်း သမိုင်းဝင်ဆန္ဒပြမှုများအကြောင်း ရိုက်ကူးထားသည့် When the Day Comes ဇာတ်ကားက ဇန်နဝါရီ ၃၀ ရက်က ကျင်းပခဲ့သည့် ကိုရီးယားရုပ်ရှင် သတင်းထောက်များအသင်း (KOFRA) ၏ ကိုးကြိမ်မြောက် ဆုပေးပွဲအခမ်းအနားတွင် အကောင်းဆုံးဇာတ်ကားဆု ရရှိခဲ့သည်။

ဆိုးလ်ရှိ ကိုရီးယားစာနယ်ဇင်းစင်တာတွင်ပြုလုပ်သည့် ယင်းဆုပေးပွဲအခမ်းအနားတွင် 1987 ဇာတ်ကားရိုက်ကူးသည့် ဒါရိုက်တာ ဂျန်ဂျွန်ဝမ်သည်လည်း အကောင်းဆုံးဒါရိုက်တာဆု ရရှိခဲ့သည်။

ကင်ယွန်ဆု၊ ဟာဂျောင်ဝူ၊ ယိုဟေးဂျင်၊ ကင်တေးရီ၊ ပက်ဟီးဆွန်နှင့် လီဟီဂျွန်တို့ပါဝင်သည့် ယင်းဇာတ်ကားကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က ဖြန့်ချိခဲ့ရာ ပြည်တွင်းရုပ်ရှင်ရုံများတွင် ကြည့်ရှုသူ ခုနစ်သန်းကျော်ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှု ဝင်ငွေဒေါ်လာ ၅၃ သန်းကျော် ရရှိခဲ့သည်။

Memoir of a Murderer ဇာတ်ကားတွင် လူသတ်သမားဇာတ်ကောင်ဖြင့် ပါဝင်ခဲ့သည့် Sol Kyung – gu က အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ရရှိခဲ့ပြီး နာမွန်ဟီးက I Can Speak ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့သည်။

Jin Seon – Kyu က The Outlaws ဇာတ်ကားဖြင့် အမျိုးသားဇာတ်ပို့သရုပ်ဆောင်ဆုရရှိခဲ့ပြီး ကင်ဆိုဂျင်က The King ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့သရုပ်ဆောင်ဆု ရရှိခဲ့သည်။ Park Seo – joon က Midnight Runners ဇာတ်ကားဖြင့် တက်သစ်စ အမျိုးသားသရုပ်ဆောင်ဆုရရှိခဲ့ပြီး ချွိုင်ဟီးဆိုက Anarchist from Colony ဇာတ်ကားဖြင့် တက်သစ်စအမျိုးသမီး သရုပ်ဆောင်ဆုကို ရရှိခဲ့သည်။

အကောင်းဆုံး Independent ရုပ်ရှင်ဆုကို ဒါရိုက်တာချိုဟွန်ဟွန်း၏ Jane ဇာတ်ကားကရရှိခဲ့ပြီး ဒါရိုက်တာ ခရစ်စတိုဖာနိုလန်၏ ဒုတိယစစ်ပွဲ နောက်ခံဇာတ်ကား Dunkirk က အကောင်းဆုံး နိုင်ငံခြားဇာတ်ကားဆုကို ရရှိခဲ့သည်။

ကိုရီးယားနိုင်ငံတစ်ဝန်းရှိ မီဒီယာကုမ္ပဏီ ၅၉ ခုမှ အဖွဲ့ဝင် ၉၀ ကျော်သည် ၂၀၁၇ ခုနှစ်အတွင်း ဖြန့်ချိခဲ့သည့် ကိုရီးယားဇာတ်ကားနှင့် နိုင်ငံခြားဇာတ်ကား များထဲမှ အကောင်းဆုံးဆုများကို မဲခွဲဆုံးဖြတ်ပြီး ဆုများကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။