သရုပ်ဆောင်ရဲတိုက်၏ ပထမဆုံးဇာတ်ကားကို ဒါရိုက်တာသားညီ ရိုက်ကူးမည်ဖြစ်ပြီး အိချောပိုနှင့် တွဲဖက်သရုပ်ဆောင်၍ ဇန်နဝါရီ ၁၃ ရက်တွင် စတင်ရိုက်ကူးမည်

သရုပ်ဆောင်ရဲတိုက်၏ ပထမဆုံးဇာတ်ကားကို ဒါရိုက်တာသားညီ ရိုက်ကူးမည်ဖြစ်ပြီး အိချောပိုနှင့် တွဲဖက်သရုပ်ဆောင်၍ ဇန်နဝါရီ ၁၃ ရက်တွင် စတင်ရိုက်ကူးမည်
Published 12 January 2018

နိုဝင်ဘာလအတွင်းက အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည့် သရုပ်ဆောင် ရဲတိုက်၏ ပထမဆုံး ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုအဖြစ် ဒါရိုက်တာသားညီ ရိုက်ကူးမည့်ဇာတ်ကားတွင် သရုပ်ဆောင်အိချောပိုနှင့် တွဲဖက်၍ ဇန်နဝါရီ ၁၃ ရက်တွင် စတင်ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။ ယင်းဇာတ်ကားကို ဘိုဘို ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးမှ စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

“ရဲတိုက်နဲ့ ဇာတ်ကားရိုက်ဖို့က အကျဉ်းထောင်ကထွက်လာပြီးကတည်းက စီစဉ်ထားတာပါ။ အခု ပထမဆုံးဇာတ်ကားက ဇန်နဝါရီ ၁၃ မှာ စတင်ပါမယ်။ ဒီဇာတ်ကားမှာ အိချောပို ပါပါမယ်။ ဒါရိုက်တာက ကိုသားညီနဲ့ပါ။ သူ့ဘက်ကိုယ့်ဘက်မျှဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းအရာကို ပုံဖော်မယ့် ဇာတ်ကားပေါ့။ ရိုက်နေကျပုံစံတွေထဲက ခွဲထွက်သွားမယ့် ဇာတ်ကားမျိုးပါ။ ရုပ်ရှင်ကားကြီးတစ်ကားလည်း ရိုက်ဖို့ရှိပါတယ်။ ဗီဒီယိုကတော့ တစ်လကို တစ်ကားလောက် ရဲတိုက်နဲ့ ပုံမှန်ရိုက်ကူးဖို့ ပြောထားပါတယ်” ဟု ဘိုဘို ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေးမှ ကိုဘိုဆန်းက ဆိုသည်။

သရုပ်ဆောင်ရဲတိုက်ကလည်း “ကျွန်တော် ဇာတ်ကားရိုက်ကူးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော့်ကို အချိန်အကြာကြီး စောင့်ခဲ့ရတဲ့ ပရိသတ်တွေအတွက် အမြန်ဆုံးအနုပညာအလုပ်တွေ လုပ်ပြချင်ပါတယ်။ ကျွန်တော့် အနုပညာကို သေချာပြသလို့ရမယ့် ဇာတ်ကားမျိုးတွေဖြစ်မှာပါ။ အဲဒီအတွက်လည်း ပြင်ဆင်ထားပါတယ်။ ပရိသတ်တွေကိုလည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်”ဟု ဆိုသည်။

ရဲတိုက်သည် 7 Sense film Production ၊ ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးတို့နှင့်လည်း လက်တွဲကာ ဇာတ်ကားများရိုက်ကူးရန် စီစဉ်ထားသည်။ လတ်တလောတွင် Bella Cosmetic ကြော်ငြာအား အကယ်ဒမီဖွေးဖွေးနှင့် တွဲဖက် ရိုက်ကူးထားကြောင်း သိရသည်။