‘ထာဝရဖဲကြိုးဖြူ’ သံချပ်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ကာ စိတ်ဝင်စားသူတိုင်း အခမဲ့ လာရောက်ကြည့်ရှုနိုင်

‘ထာဝရဖဲကြိုးဖြူ’ သံချပ်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ကာ စိတ်ဝင်စားသူတိုင်း အခမဲ့ လာရောက်ကြည့်ရှုနိုင်
Published 8 December 2017

မန္တလေးတွင် ကျင်းပခဲ့သည့် ‘ထာဝရဖဲကြိုးဖြူ’ သံချပ်ပြိုင်ပွဲ၌ အဖွဲ့တစ်ဖွဲ့ယှဉ်ပြိုင်စဉ်

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိတရား ပြန့်ပွားစေရန် ရည်ရွယ်သည့် ‘ထာဝရဖဲကြိုးဖြူ’ သံချပ်ပြိုင်ပွဲများကို ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဟု သိရသည်။ ယင်းပြိုင်ပွဲ ယှဉ်ပြိုင်မှုများကို စိတ်ဝင်စားသူမည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်သည်ဟု သိရသည်။

အဆိုပါ ‘ထာဝရဖဲကြိုးဖြူ’ သံချပ်ပြိုင်ပွဲကို ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်က စီစဉ်ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

‘ထာဝရဖဲကြိုးဖြူ’ သံချပ်ပြိုင်ပွဲကို ၂၀၁၇ ခုနှစ်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာ့ရိုးရာ အနုပညာလုပ်ငန်းမှတစ်ဆင့် ပြည်သူလူထုတစ်ရပ်လုံးကြားတွင် ကျား၊ မ ရေးရာ အခြေပြု အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ လူထုအသိပညာပေး သတင်းအချက်အလက်များ ပိုမိုကျယ်ပြန့်လာစေရန်၊ မြန်မာ့ရိုးရာ အမွေအနှစ်ဖြစ်သည့် ‘သံချပ်’ အနုပညာအား တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ရန်နှင့် ‘ထာဝရ ဖဲကြိုးဖြူသံချပ်ပြိုင်ပွဲ’ မှတစ်ဆင့် ကျား၊ မ ရေးရာ အခြေပြု အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းစဉ်များ၌ ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်စေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)၏ လမ်းညွှန်မှုဖြင့် စီစဉ် ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

‘ထာဝရဖဲကြိုးဖြူ’ သံချပ်ပြိုင်ပွဲကို ရန်ကုန်မြို့၌ ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ပြည့်သူ့ဥယျာဉ်၌ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲ၌ ပွဲခင်းသာ၊ ထီးရိုးရှည်ရဲ့ အမေ့အသီးများ၊ ဒို့မြေ ဒို့ပြေ စွယ်စုံအင်အားစု၊ အားမာန်ဝင့်ထည် သာကီနွယ် စွယ်စုံသံချပ်အဖွဲ့၊ ပြည်သူ့မော်ကွန်(ထာဝရအဖြူ)၊ အပ္ပမာဒေန သမ္မာ ဒေထ (တိုင်းပြု ပြည်ပြု ယဉ်ကျေးမှုမဟာ သြင်္ကန်အင်အားစု)၊ ကလေးပါးစပ်၊ တို့ခေတ်နဲ့အပြိုင်၊ တန်ခူးဘုရင်၊ ပစ်တိုင်းထောင်၊ ပဲ့တင်သံ(ဖျာပုံ)နှင့် ရွှေမြန်မာစွယ်စုံအင်အားစု စသည့် သံချပ်အဖွဲ့ ၁၂ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ကြမည်ဟု သိရသည်။ အဆိုပါပြိုင်ပွဲတွင် ပထမဆု ငွေကျပ် သိန်း ၂၀၊ ဒုတိယဆု ငွေကျပ် ၁၅ သိန်းနှင့် တတိယဆု ငွေကျပ် ၁၀ သိန်းကို အသီးသီး ချီးမြှင့်မည်ဟု သိရသည်။

‘ထာဝရဖဲကြိုးဖြူ’ သံချပ်ပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက်တို့က မန္တလေးမြို့၌ ကျင်းပခဲ့ပြီးဖြစ်သည်။