တေးသံရှင်ချမ်းချမ်းနှင့် တွေ့ဆုံခြင်း

တေးသံရှင်ချမ်းချမ်းနှင့် တွေ့ဆုံခြင်း
Published 3 December 2017

မယ်လိုဒီဝေါလ် သီချင်းဆိုပြိုင်ပွဲမှ အစပြုကာ ဂီတလောကအတွင်း ရောက်ရှိလာခဲ့ပြီးနောက် အသံအားကောင်းသည့် တေးသံရှင် တစ်ဦးအဖြစ် ပရိသတ် လက်ခံအားပေးမှု အခိုင်အမာ ရရှိထားသူမှာ တေးသံရှင်ချမ်းချမ်း ဖြစ်သည်။ တစ်ကိုယ်တော် တေးစီးရီး သုံးခွေထွက်ရှိထားပြီး အောင်မြင်သည့် တေးသီချင်း များစွာကို သီဆိုထားသူ တေးသံရှင်ချမ်းချမ်းသည် စတုတ္ထမြောက် တစ်ကိုယ်တော် တေးစီးရီးအား ဒီဇင်ဘာ ၉ ရက်တွင် ထွက်ရှိနိုင်ရန် ပြင်ဆင်လျက် ရှိပါသည်။ လတ်တလောတွင် အိမ်ထောင်ရေး ပြဿနာများဖြင့် ရင်ဆိုင်နေရကာ စိတ်ပင်ပန်းမှုများစွာ ကြားမှပင် တစ်ကိုယ်တော် တေးစီးရီးအတွက် အားစိုက်ပြင်ဆင် နေသူလည်းဖြစ်သည်။ တေးသံရှင် ချမ်းချမ်းနှင့် တွေ့ဆုံ၍ မကြာခင် ထွက်ရှိတော့မည့် တစ်ကိုယ်တော် တေးစီးရီးသစ်အကြောင်း၊ အိမ်ထောင်ရေး အခြေအနေနှင့် ပတ်သက်၍ စိတ်ဆုံးဖြတ် ခံယူထားသည်များ၊ သမီးလေး၏ စိတ်လုံခြုံမှုအတွက် စိတ်ခွန်အားပေးသွားရန် စီစဉ်ထားမှုများ အကြောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်။

မေး - ‘သို့...ချစ်နေတုန်းပဲ’ အခွေလေးကို ဘယ်လောက်ထိ အချိန်ယူပြီး ဖန်တီးခဲ့လဲ ဆိုတာလေး အရင်ဆုံး သိချင်ပါတယ်။

ဖြေ - ဒီအခွေအတွက်က အချိန်နှစ်နှစ်ကျော်လောက် ယူခဲ့တယ်။ သီချင်းစုတယ်။ မကြိုက်မချင်း နားထောင်တယ်။ ပရိသတ်အသံကို နားထောင်တယ်။ သူတို့ဘယ်လို သီချင်းမျိုးလေးတွေ နားထောင်ချင်လဲပေါ့။ တချို့ကလည်း ဇာတ်ဝင်သီချင်းလေးတွေ ထည့်ပေးပါဆိုတော့ ဒီဇင်ဘာမှာ ရုံတင်တော့မယ့် ‘ထာဝရအမေ’ ဇာတ်ကားထဲက ဇာတ်ဝင်သီချင်းလေးကို ဆရာစင်ရော်မောင်မောင်နဲ့ ဆရာဦးခင်မောင်ဝင်းတို့က ဒီသီချင်းလေးကို လက်ဆောင်အနေနဲ့ ထည့်ပေးလိုက်တာပေါ့။ အဲဒီသီချင်းလေးကို အခွေထဲမှာ ထည့်ဖြစ်တယ်။ ကျန်တဲ့သီချင်း လေးတွေကတော့ ဆိုနေကျပုံစံလေးတွေပါမယ်။ R&B ပါမယ်။ Slow Rock လေးတွေပါမယ်။ Jazz တွေကလည်း ချမ်းက အရမ်းကြိုက်တော့ အဲဒီပုံစံလေးတွေလည်း ပါပါတယ်။

မေး - တေးရေးတွေကရော ဘယ်သူတွေ ရေးပေးထားတာလဲ။

ဖြေ - သီချင်းက Bonus Track ပါအပါဆိုရင် ၁၃ ပုဒ်ပါတယ်။ တေးရေးတွေက ကိုဓိရာမိုရ်၊ ငါး၊ ကိုအောင်ခြိမ့်၊ ကိုဂျီလေး၊ ဒီဂျေလင်းလင်းတို့က ရေးသားပေးထားတာပါ။

မေး - စီးရီး Title ကကြားလိုက်တာနဲ့ကို ခံစားမှု ပေါ်လွင်စေတယ်။ အဲဒါလေးကို ဘာကြောင့် ရွေးဖြစ်တာလဲ။

ဖြေ - အမှန်အတိုင်းပြောရရင် အခွေအသစ် မထွက်ဖြစ်တာလည်းကြာပြီ။ ပရိသတ်တွေကိုလည်း သတိရတယ်။ သူတို့အတွက် စာတစ်ခု ရေးပေးလိုက်တဲ့ သဘောပေါ့။ သို့ဆိုတဲ့ စကားလုံးလေးကလေ သူတို့အတွက် ရည်ရွယ်တာပေါ့။ ချစ်နေတုန်းပဲဆိုတဲ့ သီချင်းကတော့ အခွေထဲမှာ Version နှစ်မျိုးနဲ့ လုပ်ထားတယ်။ ဒါလေးက အားထားတဲ့ သီချင်းလေးဖြစ်တယ်။ မှတ်မိလွယ်သလို စာသားလေးတွေလည်းကောင်းတဲ့ အချစ်သီချင်းလေး ဖြစ်တယ်။ အဲဒါလေးက ပရိသတ်တွေကို ရည်ညွှန်းရာလည်း ရောက်တယ်။ ပရိသတ်တွေကို ချစ်နေတုန်းပဲ ဆိုတာလေးလည်း ပြောပြတဲ့သဘောနဲ့ ဒီနာမည်လေး ပေးဖြစ်သွားတာပါ။

မေး - အရင်ထွက်ခဲ့တဲ့ အခွေတွေနဲ့ ဟန်ပန်တွေ ပြောင်းသွားမှာတွေပါလား။

ဖြေ - အဲဒီလိုတော့မပါဘူး။ ချမ်းချမ်းက ခေတ်ရဲ့နောက်ကို တအားမလိုက်ချင်ဘူး။ တစ်ခါတလေ ခေတ်ရဲ့နောက်ကိုလိုက်ရင်း ကိုယ်ပိုင်ဟန် ပျောက်သွားတာမျိုးလည်း ရှိတတ်တော့လေ။ ပြောင်းသင့်တာမျိုးဆိုလည်း ပြောင်းလိုက်တယ်။ အရင်ဟာတွေကိုတော့ ဆိုမြဲဆိုတယ်။ ထပ်ထည့်သင့်တာကို ထပ်ထည့်တယ်။

မေး - ပရိသတ်နဲ့တွေ့မယ့် အစီအစဉ်လည်း လုပ်ထားတယ်ဆိုတော့ ပြောပြပေးပါဦး။

ဖြေ - အမှန်အတိုင်းပြောရရင် ဒီရက်ထဲမှာ လူမှုရေးကိစ္စတွေနဲ့ စိတ်ရောလူပါ ပင်ပန်းနေတယ်။ အဲဒီအတွက်လည်း အရမ်းအားနာတယ်။ ဆရာချစ်စမ်းမောင်ကလည်း ချမ်းအခွေအတွက် Mastering နဲ့ Mixing ဆွဲနေတုန်း သူ့ဇနီးကျန်းမာရေးက ရှိလာတယ်။ သူကကြိုးစားပြီး လုပ်ပေးရင်းနဲ့ ဒီဇင်ဘာ ၉ ရက်အမီ လုပ်ပေးမယ်လို့တော့ ကတိပေးထားတယ်။ နောက်ကျလည်း တစ်ရက် နှစ်ရက်ပေါ့။ ပရိသတ်တွေနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကတော့ ဒီဇင်ဘာ ၉ ရက်မှာ လှည်းတန်းစင်တာမှာ တွေ့ဆုံသွားပါမယ်။ နယ်တွေမှာလည်း ပရိသတ်တွေနဲ့ တွေ့ဆုံသွားဖို့ စီစဉ်သွားပါမယ်။

မေး - ချမ်းချမ်းရဲ့ မိသားစုပြဿနာနဲ့ ပတ်သက်လို့ ပရိသတ်တွေကတော့ စိတ်ပူပေးနေကြတယ်ပေါ့နော်။

ဖြေ - အမှန်အတိုင်းပြောရရင် ဒီကိစ္စနဲ့ပတ်သက်ပြီး ထပ်ပြီးလည်း မရှင်းချင်တော့ဘူး။ အားလုံးလည်း သိလောက်ပြီလို့ ထင်တယ်။ ဘဝမှာ တန်ဖိုးထားတဲ့ အရာတွေက ဘာမှမမြဲဘူးဆိုတာ သိလိုက်တာပေါ့။ ဘဝမှာ မထင်မှတ်တဲ့ အရာတစ်ခု ဖြစ်လာရင် အဲဒီလိုပဲ ခံယူကြရတာပဲလေ။ ဒါပေမဲ့ အမှန်တရား ဆိုတာတော့ရှိတယ်။ ခွင့်လွှတ်ခြင်း၊ ခွင့်မလွှတ်ခြင်း၊ ပေါင်းခြင်း မပေါင်းခြင်း ဆိုတာထက် ရိုးသားခြင်းနဲ့ သစ္စာရှိခြင်းဆိုတာ လူတိုင်းမှာ ရှိသင့်တယ်။ အိမ်ထောင်သည်မှ မဟုတ်ဘူး။ အဖေအမေနဲ့ သားသမီးကြား၊ သူငယ်ချင်း မိတ်ဆွေတွေကြား၊ မောင်နှမတွေ ကြားမှာလည်း ရိုးသားခြင်းနဲ့ သစ္စာရှိခြင်းဆိုတာ ရှိသင့်တယ်ဆိုတာ ပိုသိလာတယ်။ ချမ်းချမ်းကတော့ အားလုံးကိုလျှော့လိုက်တယ်။ ဘာလို့လဲဆိုတော့ စိတ်ရောလူပါ အရမ်းပင်ပန်းနေပြီ။ မနေ့ကဆို ဆေးရုံတောင် တက်ရတယ်။ နှလုံးလည်း မကောင်းသလို အာရုံကြောတွေလည်း အရမ်းအားနည်းနေတယ်။ ကိုယ်လဲပြိုသွားရင် ကိုယ့်သားသမီး မိဘတွေကို ဘယ်သူကြည့်ပေးမလဲပေါ့။ ချမ်းချမ်းသမီးအတွက် ရပ်တည်ရမယ်။ သူလည်း ဖခင်ကောင်းတစ်ယောက်ပါ။ သမီးအတွက် လိုလေသေးမရှိ မေတ္တာပေးနိုင်တယ်ဆိုတာ သံသယမရှိဘူး။ ချမ်းချမ်းတို့ နှစ်ယောက်ကိစ္စက သက်သက်ပေါ့နော်။ ဒါကြောင့် ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် သူကလည်း သမီးအတွက် ဖခင်ဖြစ်နေမှာပဲ။ ချမ်းလည်း မိခင်ဖြစ်နေမှာပဲ။ ဒါကြောင့် စိတ်မပူပါနဲ့လို့ ပရိသတ်တွေကို ပြောချင်ပါတယ်။

မေး - သမီးလေးအတွက် စိတ်ဒဏ်ရာတွေ မဖြစ်စေဖို့ရော ဘယ်လို ပြင်ဆင်သွားမလဲ။

ဖြေ - ဘယ်သူမှတော့ ကိုယ့်သားသမီးကို စိတ်ဒဏ်ရာ မရစေချင်ဘူး။ အခုဆိုရင် သမီးက ချမ်းချမ်း ဘယ်သွားသွား လိုက်မယ်ဆိုတာချည်းပဲ။ သူတစ်ယောက်တည်း ကျန်ခဲ့မှာကို အရမ်းကြောက်နေတယ်။ ကိုယ်လည်း နားလည်တယ်။ အစ်ကို ခရီးထွက်ချိန်မှာတော့ သမီးက ချမ်းချမ်းနဲ့အတူရှိမယ်။ ချမ်းချမ်း ခရီးထွက်ရင်တော့ သမီးက အစ်ကို့ဆီ ရောက်သွားမှာပေါ့။ ဒီလိုပဲ တာဝန်ဆိုတာ မျှယူရမှာပဲ။ ပေါင်းခြင်း မပေါင်းခြင်းထက် နားလည်မှု တစ်ခုပေါ့နော်။ အငြိုးအတေးလည်း မရှိပါဘူး။ ကိုယ်က ခွင့်လွှတ်သည့် တိုင်အောင် အမှန်တရားဆိုတာ ရှိနေမှာပဲ။ အမှန်တရားဆိုတာက ကာယကံရှင်တွေမှာ ရှိနေမှာပဲ။ အဲဒါတွေကို လိုက်ဖော်ထုတ်ပြီး အရှက်လိုက် ခွဲနေမှာလည်း မဟုတ်ဘူး။ ကိုယ့်စိတ်ကိုယ်လုံရင် ပြီးတာပါပဲ။

မေး - ချမ်းချမ်းက အချစ်ကြီးတယ်၊ စိတ်ခံစားမှုများတယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် စိတ်သက်သာရာရဖို့ ဘယ်လိုပြင်ဆင်မလဲ။

ဖြေ - အဓိကတော့ဘုရားပေါ့။ ဘုရားတရား ဘက်လှည့်သွားရင် စွဲလမ်းမှုအတ္တတို့၊ မာနတို့ ဘာမှရှိတော့မှာ မဟုတ်ဘူး။ ဘာပဲလုပ်လုပ် ချမ်းက သစ္စာဆိုလေ့ရှိတယ်။ ငယ်ကတည်းကလည်း မိဘကို လုပ်ကျွေးခဲ့တယ်။ မိသားစု အပေါ်မှာလည်း အကောင်းဆုံး အမြဲဖန်တီးခဲ့တယ်။ လူတိုင်းပေါ်မှာ စိတ်သန့်သန့်ထားတယ်။ အဲဒီအကျိုးကို တစ်နေ့မှာတော့ ပြန်ခံစားရမှာပဲ။

မေး - အခုလို စိတ်ပင်ပန်းချိန်မှာ ဖခင်ဖြစ်သူက အနားမှာ ရှိနေပေးတဲ့ အတွက်ရော ဘယ်လိုခံစားရလဲ။

ဖြေ - အဆိုးထဲက အကောင်းလို့ ပြောရမှာပေါ့။ ဒီလိုခံစားနေရချိန်မှာ ချမ်းရဲ့ အဖေသည် လိုလေသေးမရှိ လိုက်စောင့်ရှောက်တယ်။ မိဘကို အလုပ်အကျွေးပြုပေမဲ့ အချိန်မပေးနိုင်ခဲ့ဘူး။ သားသမီးကိစ္စ၊ အိမ်ထောင်ဖက်အတွက် အချိန်ပေးရတာနဲ့ မိဘအတွက် အချိန်မပေးနိုင်ခဲ့ဘူး။ အခုချိန်မှာ ချမ်းမိဘတွေကို အချိန်ပေးဖြစ်တယ်။ နွေးနွေးထွေးထွေး ပြန်နေခွင့်ရတဲ့အတွက် အဆိုးထဲက အမြတ်လို့ ဆိုရမှာပါ။

မေး - တစ်ကိုယ်တော်ပွဲအတွက်ရော ဆက်လုပ်ဖြစ်သွားမလား။

ဖြေ - တစ်ကိုယ်တော်ပွဲကို ဇန်နဝါရီထဲတော့ မှန်းထားတယ်။ ပြင်ဆင်နေပါတယ်။

မေး - တစ်ကိုယ်တော် ဆိုတာက မှတ်တိုင်တစ်ခု ဖြစ်တဲ့အတွက် ဘယ်လောက်ထိ ပြင်ဆင်သွားမလဲ။

ဖြေ - မှတ်တိုင်ဖြစ်တဲ့အတွက် ပင်ပန်းနေတဲ့အချိန်၊ အားနည်းနေတဲ့အချိန်၊ ကျန်းမာရေး မကောင်းတဲ့ အချိန်မှာတော့ မလုပ်ချင်ဘူး။ Fit ဖြစ်မယ့်အချိန်၊ အားလုံးလည်း ပေါ့ပေါ့ပါးပါး ဖြစ်မယ့်အချိန် လုပ်ဖြစ်ပါမယ်။

မေး - ပရိသတ်တွေကို ပြောချင်တဲ့ စကားလက်ဆောင်လေးရှိရင် ပြောပေးပါဦး။

ဖြေ - အဲဒါက ကိုယ်ထားတဲ့ စေတနာပေါ်မူတည်ပြီး တုံ့ပြန်ခြင်းခံရတာပဲ။ မေတ္တာဆိုတာ အသွားအပြန်မရှိဘူး မထင်လိုက်နဲ့ပေါ့။ ဘယ်လောက်ပဲ အချိန်ကြာကြာ မှတ်မိနေမှာပဲ။ ဒါက ပရိသတ်က သက်သေပြတာပဲလေ။ တစ်ခုခု ဖြစ်လာတဲ့အခါ ပရိသတ်တွေက ချမ်းချမ်းဘက်က ရှိပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 

Most Read

Most Recent