အာရှကမ္ဘာ့ရုပ်ရှင်ပွဲတော်တွင် A Taxi Driver က အကောင်းဆုံးဇာတ်ကားဆု ရရှိ

အာရှကမ္ဘာ့ရုပ်ရှင်ပွဲတော်တွင် A Taxi Driver က အကောင်းဆုံးဇာတ်ကားဆု ရရှိ
Published 8 November 2017

တောင်ကိုရီးယား လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်းတွင် ဒေါ်လာ ၈၈ သန်းရရှိခဲ့ပြီး စံချိန်ချိုးဖျက်ခဲ့သည့် A Taxi Driver ဇာတ်ကားက လော့စ်အိန်ဂျလိစ်၌ ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် Asian World Film Festival တွင် အကောင်းဆုံးဇာတ်ကားဆု အပါအဝင်ဆု သုံးဆုရရှိခဲ့သည်ဟု ယင်းဇာတ်ကားဖြန့်ချိသည့် Showbox ကုမ္ပဏီက နိုဝင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယခုနှစ်သြဂုတ်၌ ဖြန့်ချိခဲ့သည့် ယင်းဇာတ်ကားသည် လူသားချင်းစာနာထောက်ထားမှုဆုနှင့် သရုပ်ဆောင်, ဆောင်ကန်ဟိုအတွက် Special Mention ဆုကိုလည်း ရရှိခဲ့သည်။

လူထုအုံကြွမှု ဖြစ်နေသည့် ဂွမ်ဂျူမြို့သို့ ဂျာမန်သတင်းထောက် Jurgen Hinzpeter ကို ပို့ဆောင်ပေးစဉ် ဆန္ဒပြသူများကို စစ်တပ်က သွေးထွက်သံယို နှိမ်နင်းမှုများအား မျက်မြင်တွေ့ရှိခဲ့သည့် ဆိုးလ်အငှားယာဉ်မောင်းသမား တစ်ဦးအကြောင်း ဒါရိုက်တာ ဂျန်ဟွန်းရိုက်ကူးသည့် ယင်းဇာတ်ကားသည် အကြိမ်(၉၀)မြောက် အော်စကာဆုပေးပွဲ၏ နိုင်ငံခြားဘာသာစကားပြော ကဏ္ဍဆုအတွက် ကိုရီးယားနိုင်ငံ ကိုယ်စားပြုဇာတ်ကားအဖြစ် ရွေးချယ်ခံထားရသည်။ ယင်းယာဉ်မောင်း၏ အကူအညီကြောင့် Hinzpeter သည် ၁၉၈၀ ပြည့်နှစ် ဂွမ်ဂျူဒီမိုကရေစီလှုပ်ရှားမှုအတွင်း သွေးထွက်သံယို နှိမ်နင်းခံရမှုဗီဒီယိုကို ထုတ်လွှင့်တင်ပြနိုင်သည့် ပထမဆုံးနိုင်ငံခြားသတင်းထောက် တစ်ဦးဖြစ်ခဲ့သည်။

အမေရိကန်ဒါရိုက်တာ George Takei သည် LGBT အစုအဝေးကို အထောက်အကူပြုသည့် ဇာတ်ကားများ ရိုက်ကူးခဲ့မှုအတွက် တစ်သက်တာအောင်မြင်မှုဆု ရရှိခဲ့သည်။

အင်ဂျလီနာဂျိုလီ၏ First They Killed My Father ဇာတ်ကားတွင် အဓိကဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သည့် ကမ္ဘောဒီးယား သရုပ်ဆောင် Sreymoch Sareum က တက်သစ်စ သရုပ်ဆောင်ဆုကို ရရှိခဲ့သည်။ အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ပြုလုပ်ခဲ့သည့် ယင်းရုပ်ရှင်ပွဲတော်တွင် နိုင်ငံ ၂၂ နိုင်ငံမှ ဇာတ်ကား ၃၇ ကားကို ပြသခဲ့သည်။ အာရှဒါရိုက်တာများကို အသိအမှတ်ပြုသည့် ယင်းရုပ်ရှင်ပွဲတော်ကို ၂၀၁၅ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။