မင်းသားကြီး ဦးချမ်းသာနှင့် တွေ့ဆုံခြင်း

မင်းသားကြီး ဦးချမ်းသာနှင့် တွေ့ဆုံခြင်း
Published 1 August 2017

မြန်မာ့ဇာတ်သဘင်၏ အောင်မြင်ထင်ရှားခဲ့သည့် မင်းသားကြီး အလင်္ကာကျော်စွာရွှေမန်းတင်မောင်၏မျိုးဆက် သဘင်အနုပညာရှင်တစ်ဦးဖြစ်သည့် ဦးချမ်းသာသည် သဘင်လောကသို့ စတင်ဝင်ရောက်ခဲ့သည့် နှစ် ၄၀ ကာလအတွင်း မြန်မာ့ရိုးရာဇာတ်သဘင် ဖျော်ဖြေမှုများအပေါ် မဆုတ်မနစ်သော ကြိုးစားအားထုတ်မှုနှင့်အတူ ယနေ့ထက်တိုင် သဘင်စင်မြင့်တွင် ရပ်တည်နေဆဲ အနုပညာရှင်ကြီးတစ်ဦးဖြစ်သည်။ ဦးချမ်းသာ၏ သဘင်အနုပညာ ဖြတ်သန်းမှုတစ်လျှောက် အတွေ့အကြုံများနှင့်အတူ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက် တွေမှာတော့ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ သဘင်သက် နှစ် ၄၀ ပြည့်အထိမ်းအမှတ် အနုပညာဖျော်ဖြေပွဲကြီးကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဦးချမ်းသာရဲ့ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည်တို့ကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

■ မေး - ဦးချမ်းရဲ့ သဘင်အနုပညာသက်တမ်း နှစ် ၄၀ ပြည့်ပွဲ ကျင်းပဖို့ စီစဉ်နေတယ်ဆိုတာ သိရပါတယ်။ အဲဒီပွဲစီစဉ်ဖြစ်တဲ့ အကြောင်းလေးကိုလည်း သိပါရစေ။

ဖြေ - ဦးချမ်းရဲ့ဘဝမှာ ၁၉၇၇ ခုနှစ်မှာ ဦးချမ်း မင်းသားစဖြစ်ခဲ့တာဆိုတော့ ၂၀၁၇ ခုနှစ်ဆိုရင် နှစ် ၄၀ ပြည့် အမှတ်တရပွဲလို့ ပြောလို့ရပါတယ်။ အမှန်တကယ်တော့ နှစ် ၅၀ ပြည့်ပွဲကို ပိုပြီးလုပ်ချင်ပေမယ့် အဲဒီအချိန်ကျရင် ဦးချမ်းအသက်က ၇၀ ကျော်လောက်ဖြစ်နေပြီ။ ဒီအချိန်မှာကတော့ ဦးချမ်းက ပြောဆိုလုပ်ကိုင်နိုင်စွမ်းရှိနေတော့ ဒီအချိန်က ပိုအဆင်ပြေတာကြောင့် နှစ် ၄၀ ပြည့်ပွဲကိုပဲ လုပ်လိုက်တာပါ။ ဒီပွဲလေးက ဖေဖေရဲ့ အလင်္ကာအလွမ်း မှတ်တမ်းပွဲကြီးမှာလုပ်ဖို့ စဉ်းစားမိခဲ့တာပါ။ ရွှေမန်းသဘင်ကို ပခုံးပြောင်း တာဝန်တွေ ယူလာခဲ့ကြတဲ့ ညီအစ်ကိုမောင်နှမတွေထဲမှာ ဦးချမ်းက အငယ်ဆုံးဖြစ်ပြီး ဦးချမ်းရဲ့ သဘင်အနုပညာ သက်တမ်းကိုက ၄၀ ရှိနေပြီဆိုတော့ ဒီနှစ် ၄၀ ကျော်လာချိန်မှာ ပြည်သူကိုပြန်ပြီး ကျေးဇူးဆပ်စရာ အခွင့်ထူးတစ်ခုကို ရရှိခဲ့တာကြောင့် ဒီပွဲလေးကို ဦးချမ်း အကောင်အထည်ဖော်ဖြစ်ခဲ့တာပါ။ နောက်ပြီး ဦးချမ်းရပ်တည်ဖြတ်သန်းခဲ့တဲ့ အနုပညာသက်တမ်း ၄၀ ကာလအတွင်းမှာ အားပေးခဲ့ကြတဲ့ ပရိသတ်ကြီးကို ဂါရဝပြုဖို့နဲ့ ဆရာသမားတွေကိုလည်း ဂါရဝပြုချင်တယ်။ ဒီပွဲက ဦးချမ်းဘဝအတွက် ပရိသတ်အပေါ် နှစ် ၄၀ အတိုင်းအတာထိ အနုပညာတာဝန်တစ်ရပ် ကျေပွန်ပါပြီလို့ ကမ္ပည်းတစ်ခု စိုက်ထူချင်တာလည်း ပါတယ်။

■ မေး - ဦးချမ်းရဲ့ သဘင်အနုပညာသက်တမ်း နှစ် ၄၀ ပြည့် အထိမ်းအမှတ်ပွဲကို ဘယ်တော့လောက်ကျင်းပဖို့ စီစဉ်ထားလဲ။

ဖြေ - ဦးချမ်းရဲ့ သဘင်အနုပညာသက်တမ်း နှစ် ၄၀ ပြည့်ပွဲကို ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်မှာ ကျင်းပသွားမှာပါ။

■ မေး - ဒီပွဲမှာ ဘယ်လိုအစီအစဉ်တွေ ပါဝင်မှာလဲ။

ဖြေ - ဒီပွဲမှာ ဦးချမ်းရဲ့ သဘင်အနုပညာသက်တမ်းတစ်လျှောက် တစ်ကိုယ်တော် တင်ဆက်ကပြခဲ့တဲ့ အစီအစဉ်တွေ အားလုံးပါဝင်မှာပါ။ ဦးချမ်းကိုယ်တိုင်ရေးခဲ့တဲ့ သီချင်းတွေ၊ ကိုယ်တိုင်တီထွင်ခဲ့တဲ့အကတွေ၊ ပြည်သူတွေရဲ့ ရင်ထဲအထိ ထိုးဖောက်နိုင်ခဲ့တဲ့ ဦးချမ်းရဲ့ ပြဇာတ်ကောင်းတွေကိုလည်း ဒီပွဲမှာ တင်ဆက်သွားမှာပါ။ ခြွင်းချက်အနေနဲ့ကတော့ ဦးချမ်းရဲ့အနုပညာတွေကို တစ်ပြိုင်နက်မှာ ပြသဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အကောင်းဆုံးတွေထဲကနေ အကောင်းဆုံး ဆိုတာတွေကို ရွေးထုတ်ပြီး ပြသသွားမှာပါ။ ပြဇာတ်တွေဆိုရင် တစ်ပုဒ်ထဲကနေ အကောင်းဆုံး အခန်းလေးတွေကို ထုတ်နုတ်တင်ဆက်သွားဖို့ စီစဉ်ထားပါတယ်။

■ မေး - ဦးချမ်းရဲ့ သဘင်အနုပညာသက်တမ်း နှစ် ၄၀ ပြည့် အထိမ်းအမှတ်ပွဲမှာ ဘယ်သူတွေက ပူးပေါင်းပါဝင်တင်ဆက်မှာလဲ။

ဖြေ - ဦးချမ်းရဲ့ပွဲမှာ ဦးချမ်းရဲ့ ဇာတ်သဘင်အဖွဲ့သူ အဖွဲ့သားတွေက နံပါတ်တစ်ပါ။ ဒုတိယအနေနဲ့ကတော့ ဦးချမ်းရဲ့ သွေးသားရင်းချာတွေဖြစ်တဲ့ အစ်ကိုတွေ၊ တူလေးတွေပါမယ်။ နောက်ပြီးတော့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေ ပါဝင်ကြမှာပါ။ ဇာတ်သဘင်မှာ ဆိုရင်လည်း စံပြသဘင်မိသားစုတွေ၊ မင်းသားလေးစွမ်း၊ ဥက္ကဋ္ဌ ကိုဖိုးချစ်၊ ရဲမင်းသွေး၊ နန်းခင်မွှေးတို့အပြင် အခြားသော မင်းသားလေးတွေကလည်း ပါဝင်ပေးကြမှာပါ။

■ မေး - ဖျော်ဖြေပွဲကို နှစ်ရက်ပြုလုပ်မှာဆိုတော့ အဲဒီရက်မှာ ဖျော်ဖြေမှုပုံစံတွေကို ဘယ်လိုခွဲထားလဲ။

ဖြေ - ဖျော်ဖြေပွဲနှစ်ရက်မှာ တစ်ရက်နဲ့တစ်ရက် ဖျော်ဖြေတင်ဆက်မှုတွေက မတူစေရအောင် စီစဉ်ထားပါတယ်။ ပဏာမအဖွင့် အစီအစဉ်မှာကိုက စပြီးတင်ဆက်မှုတွေကို လုံးဝမတူအောင် စီစဉ်ထားပါတယ်။ အားလုံးကိုလည်း အသစ်တွေဖြစ်အောင် စီစဉ်ထားပါတယ်။ ပွဲနှစ်ရက်မှာ တစ်ရက်ကို ပြဇာတ်ငါးခုစီရဲ့ ထုတ်နုတ်တင်ဆက်မှုတွေ ပါဝင်မယ်။ အဲဒီတင်ဆက်မှုတွေကြားထဲမှာ ကပွဲအစီအစဉ်တွေ၊ အော်ပရာတွေကို ယှက်ဖြာပြီး အကောင်းဆုံး တင်ဆက်သွားမှာပါ။ နောက်ပြီး နှစ်ပါးသွား အစီအစဉ်တွေ ပါဝင်မှာပါ။

■ မေး - ဦးချမ်းရဲ့ ဒီပွဲလေးကို စိတ်ဝင်စားနေတဲ့ ပရိသတ်တွေအတွက် ဦးချမ်းပြောချင်တာ ရှိမလား။

ဖြေ - မြန်မာ့သဘင်အနုပညာရဲ့ အနှစ်သာရတွေက ဦးချမ်းတို့ ချပြမယ်ဆိုရင်တောင် လိုအပ်နေဦးမှာပါ။ ဒါပေမဲ့ ဦးချမ်းတစ်ခေတ် မြန်မာ့ဇာတ်သဘင်ကို အချစ်ကြီးချစ်ခဲ့ရပြီးတော့ ရိုရိုသေသေ လေးလေးစားစားနဲ့ တာဝန်ကျေခဲ့တာလေးတွေကို ပရိသတ်ဆီကို ပေါ့ပေါ့ပါးပါး မဟုတ်ဘဲ တစ်ခန်းဆိုတစ်ခန်း ရင်သပ်ရှုမောဖြစ်အောင် မြန်မာ့ဇာတ်သဘင်ရဲ့ အရသာဆက်တင် အခမ်းအနားတွေနဲ့ ခမ်းခမ်းနားနားကြီးဖြစ်အောင် ပြသချင်လွန်းလို့ မြန်မာ့သဘင်ရဲ့ အနှစ်သာရကို ဒီနေ့ခေတ်လူငယ်တွေရဲ့ ရင်ထဲရောက်အောင်၊ သိအောင် ဂုဏ်ယူရအောင်လို့ တင်ဆက်သွားမယ့်ပွဲဖြစ်တာမို့ ဒီပွဲကို မလွဲမသွေကြွရောက် အားပေးဖို့ ဦးချမ်းဖိတ်ခေါ်ချင်ပါတယ်။

■ မေး - သဘင်အနုပညာအပေါ်ထားတဲ့ ဦးချမ်းရဲ့ခံစားမှုနဲ့ ခံယူမှုတွေကိုလည်း သိပါရစေ။

ဖြေ - ပရိသတ်တွေကို အကောင်းဆုံးဖျော်ဖြေဖို့ အမြဲကြိုးစားနေပါတယ်။ ဦးချမ်းဖျော်ဖြေတဲ့ပွဲတိုင်းမှာ ကျေးရွာဇနပုဒ်ကစလို့ ပွဲကြီးပွဲငယ်မရွေး အနုပညာ ဖျော်ဖြေမှုတွေကိုလျော့ပြီး လုပ်ဆောင်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ အဲဒါကိုလည်း သစ္စာဆိုပါတယ်။ အဲဒီမှန်သော သစ္စာစကားကြောင့်လည်း ဦးချမ်းအောင်မြင်ပါရစေ ဆုတောင်းပါတယ်။ နောက်ပြီး သဘင်အနုပညာနဲ့ ပတ်သက်ရင် ဦးချမ်းဘယ်လောက်ပဲ ကြိုးစားကြိုးစား အမြဲလိုနေသေးတယ်လို့ပဲ ခံစားရတယ်။ အဲဒါကြောင့်လည်း ဦးချမ်းအမြဲတမ်း ကြိုးစားနေပါတယ်။ ကျန်းကျန်းမာမာနဲ့ အနုပညာအလုပ်တွေဆက်လုပ်နိုင်သမျှ နှစ် ၄၀ ကနေ နှစ် ၅၀ စသည်ဖြင့် ပရိသတ်တွေအပေါ် ဒီထက်ပိုပြီး တာဝန်ကျေချင်ပါတယ်။

Writter: စုမှူးနိုင်

Most Read

Most Recent