စားဖိုမှူးသင်တန်းတက်ရန် ရည်ရွယ်ရာမှသည် မော်ဒယ်လ် သရုပ်ဆောင်တစ်ဦးအဖြစ်သို့ ပြောင်းလဲရောက်ရှိလာခဲ့သူ ငြိမ်းသော်၏ ငယ်ဘဝဖြတ်သန်းရာ

စားဖိုမှူးသင်တန်းတက်ရန် ရည်ရွယ်ရာမှသည် မော်ဒယ်လ် သရုပ်ဆောင်တစ်ဦးအဖြစ်သို့ ပြောင်းလဲရောက်ရှိလာခဲ့သူ ငြိမ်းသော်၏ ငယ်ဘဝဖြတ်သန်းရာ
Published 19 October 2017

လူငယ်တိုင်းရဲ့ပခုံးထက်ဆီမှာ မိမိတို့ စိတ်ကူးအိပ်မက်ကိုယ်စီကို ထမ်းပိုးထားတတ်ကြပါတယ်။ လူငယ်အချို့က သေချာခိုင်မာတဲ့ စိတ်ကူးအိပ်မက်တွေကို ပိုင်ဆိုင်ထားသလို တချို့သော လူငယ်တွေကတော့ လက်လှမ်းမီရာ အိပ်မက်တချို့ကိုသာ ဆုပ်ကိုင်ရင်း ချီတက်နေကြပြန်ပါတယ်။ ဒီလို ဆယ်ကျော်သက်လူငယ်ဘဝမှာ စားဖိုမှူးတစ်ယောက်ဖြစ်လာဖို့ဆိုတဲ့ စိတ်ကူးရည်ရွယ်ချက် ရှိခဲ့ပေမဲ့ မျှော်လင့်မထားတဲ့ အချိုးအကွေ့တွေနဲ့ မော်ဒယ်လ်သရုပ်ဆောင် လမ်းကြောင်းပေါ်ကို ရောက်ရှိလာသူကတော့ သရုပ်ဆောင်မော်ဒယ်လ်ငြိမ်းသော်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ငြိမ်းသော်က ‘ည’ ဇာတ်ကားရဲ့ သရုပ်ဆောင်တစ်ဦးအဖြစ်အပြင် ကြော်ငြာနဲ့အလှဓာတ်ပုံများစွာက အပြုံးချိုချို မင်းသားချောတစ်ဦးအဖြစ် ပရိသတ်လက်ခံထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ငြိမ်းသော် ပြောပြခဲ့တဲ့ ငယ်စဉ်ဘဝရဲ့အမှတ်တရ ပုံရိပ်တချို့ကို တင်ဆက်ပေးချင်ပါတယ်။

သရုပ်ဆောင်မော်ဒယ်လ်ငြိမ်းသော်က ဧပြီ ၁၃ ရက်မှာ မုံရွာမြို့မှာမွေးဖွားခဲ့သူဖြစ်ပြီး အစ်ကိုနှစ်ယောက်နဲ့ ညီမနှစ်ယောက်ကြားက သားအလတ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝမှာတော့ ငြိမ်းသော်က အနေအေးတတ်သလို တစ်ယောက်တည်း ကစားတတ်တာများတယ်လို့ ဆိုပါတယ်။ ငြိမ်းသော်ကို ငယ်ရွယ်စဉ်မှာ မိဘများပြောပြကြတဲ့ အမှတ်တရကတော့ အသန့်အပြန့် အရမ်းကြိုက်လွန်းတာပါပဲ။ အသက်ငယ်သေးတဲ့ အချိန်မှာတောင် ဖိနပ်မစီးပေးရင် အော်ငိုတတ်တယ်လို့လည်း ရယ်မောရင်းဆိုပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါတိုင်းမှာလည်း ငိုတတ်တာကြောင့် ငယ်စဉ်ဘဝရဲ့ ဓာတ်ပုံတိုင်းမှာ ငိုနေတဲ့ပုံတွေများတယ်လို့လည်း အမှတ်တရ ပြောပြခဲ့ပါတယ်။

ငြိမ်းသော်က ကျောင်းပညာရေးအနေနဲ့ အ.ထ.က(၁)မုံရွာမှာ သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးတဲ့အထိ တက်ရောက်ခဲ့ပါတယ်။ ကျောင်းပညာရေးမှာတော့ သာမန်အဆင့်လောက်ပဲရှိပြီး ထူးချွန်တဲ့အထဲမှာ မပါဝင်ဘူးလို့လည်း ဆိုပါတယ်။ ကျောင်းနေစဉ်မှာ အမှတ်တရအနေနဲ့ကတော့ အလှကြိုက်တတ်လာလို့လည်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းမှာပဲများတယ်လို့လည်း ကိုယ့်ကိုယ်ကိုယ် မှတ်ချက်ပေးခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာတော့ မိဘများရဲ့ စီးပွားရေးနဲ့လည်းနီးစပ်တဲ့ စားဖိုမှူးသင်တန်းတက်ရောက်ဖို့ ရန်ကုန်ကိုရောက်လာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ရှစ်တန်းကိုးတန်းမှာကတည်းကတော့ အဒေါ်တစ်ယောက်က မဂ္ဂဇင်းတွေ အရမ်းငှားဖတ်တော့ လိုက်ဖတ်ရင်းနဲ့ မော်ဒယ်လ်လုပ်ဖို့ စိတ်ဝင်စားတယ်။ ဒါပေမဲ့ ကျွန်တော်တို့က နယ်မှာနေတဲ့သူဖြစ်တော့ အလှမ်းဝေးတယ်လေ။ စိတ်ဝင်စားတယ်ဆိုရုံပဲ။ တကယ်တမ်းကျတော့ အိမ်ကလည်း ဆိုင်ဖွင့်ထားတယ်ဆိုတော့ စားဖိုမှူးသင်တန်းတက်ဖို့ပဲ စိတ်ကူးပြီး ရန်ကုန်ကိုလာဖြစ်သွားတာ။ ရန်ကုန်ကိုရောက်လာတဲ့အခါ မော်ဒယ်လ်သူငယ်ချင်းတွေ ခင်မင်ခွင့်ရပြီး သူတို့ကလည်း တိုက်တွန်းတာနဲ့ သင်တန်းတက်ဖြစ်ခဲ့တယ်။ အဲဒီကနေပဲ မျှော်လင့်မထားဘဲ အနုပညာလမ်းကြောင်းပေါ် ရောက်လာခဲ့တာပါ” လို့ ငြိမ်းသော်က ဆိုပါတယ်။

ငြိမ်းသော်က Stars Int'1 Models Agency မှာ သင်တန်းတက်ရောက်ခဲ့ပြီး အေဂျင်စီနဲ့လက်တွဲကာ အနုပညာအလုပ်တွေ တွဲဖက်လုပ်ကိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ Mister ပြိုင်ပွဲတစ်ခုမှာ ဆုရခဲ့သလို ရှိုးပွဲများစွာမှာလည်း ပါဝင်လျှောက်လှမ်းဖြစ်ခဲ့ပါတယ်။ မော်ဒယ်လ်တစ်ယောက်အဖြစ် လှုပ်ရှားနေစဉ်မှာပဲ ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့ ‘ည’ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်တစ်ဦးအနေနဲ့ ရွေးချယ်ပါဝင်ခွင့်ရခဲ့ပါတယ်။ ‘ည’ ဇာတ်ကားကို မကြာခင်ကရုံတင်ပြသခဲ့ရာမှာတော့ ငြိမ်းသော်ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေ ပိုမိုများပြားလာသလို အနုပညာအလုပ်တွေလည်း ဆက်တိုက် လုပ်ကိုင်ခွင့် ရရှိလာတယ်လို့ ဆိုပါတယ်။

အနုပညာလောကမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ကတော့ “အခက်အခဲတွေတော့ အများကြီးပါပဲ။ တစ်ခါတလေဆိုရင် ဘာဆက်လုပ်ရမှန်းမသိလို့ နယ်ပြန်ရင် ကောင်းမလားဆိုတဲ့ စိတ်ကူးမျိုးလည်း ခဏခဏ ဖြစ်ဖူးတယ်။ ဒါပေမဲ့ မိဘတွေကလည်း အောင်မြင်စေချင်ကြတယ်။ ပရိသတ်အားပေးမှုတချို့လည်း ရှိနေတော့ ကိုယ်ရွေးချယ်ထားတဲ့ ခရီးလမ်းကို အောင်မြင်တဲ့အထိ ဆက်လျှောက်မယ်ဆိုပြီး အားတင်းခဲ့ရတာ။ အဲဒီလို ကိုယ့်ကိုယ်ကိုယ်အားပေးရင်းနဲ့ အခုလို ရပ်တည်နိုင်လာတာပါ” လို့ ငြိမ်းသော်က ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။

လက်ရှိမှာ ကြော်ငြာအများအပြားမှာ ပါဝင်ခွင့်ရနေသလို အမ်တီဗွီတွေလည်း ပါဝင်ရိုက်ကူးခွင့်ရနေတဲ့ ငြိမ်းသော်က ပရိသတ်များနဲ့ အမြဲထိတွေ့နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ အွန်လိုင်းကနေ ပရိသတ်များနဲ့ တိုက်ရိုက်ထိတွေ့မှုကို အရင်ကတော့ မလုပ်ဖြစ်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ သေချာအချိန်ပေးပြီး လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ချစ်ခင်အားပေးကြတဲ့ ပရိသတ်များနဲ့အတူ ပရဟိတလှူဒါန်းမှုတွေ လုပ်ဖြစ်သလို မကြာခင်မှာလည်း ပရိသတ်များနဲ့ စုပေါင်းဘုံကထိန်ခင်းဖို့ စီစဉ်နေတယ်လို့ ပြောပြခဲ့ပါတယ်။

အပြုံးချိုချိုကို ပိုင်ဆိုင်ထားပြီး ကိုရီးယားဟန်ပန်လို့ တင်စားခံရတဲ့ ငြိမ်းသော်က အနုပညာခရီးလမ်း ရည်ရွယ်ချက်ကိုတော့ “ကျွန်တော်ကအခုမှ ဒီလမ်းကြောင်းတစ်ခုအပေါ် သေချာလေး ခြေချခွင့်ရတယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့်အများကြီး ကြိုးစားရဦးမှာပါ။ ကျွန်တော့်အနေနဲ့ ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် ပုံဖော်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တယ်။ ပရိသတ်ချစ်ခင်အားပေးတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ခွင့်ရချင်ပါတယ်။ အဲဒီအတွက်လည်း အစွမ်းကုန် ကြိုးစားသွားမှာပါ။ လောလောဆယ်တော့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ရင်လည်း လေ့လာနေပါတယ်။ အခွင့်အရေးရခဲ့မယ်ဆိုရင်လည်း ဇာတ်ကားကောင်းတွေမှာ ကြိုးစားပါဝင်ချင်ပါတယ်” လို့ငြိမ်းသော်က ဆိုခဲ့ပါတယ်။

အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကိုတော့ သရုပ်ဆောင်မော်ဒယ်လ်ငြိမ်းသော်က “အားပေးကြတဲ့ပရိသတ်တွေလည်း ကျွန်တော့်ရဲ့ ငယ်ဘဝအမှတ်တရတွေကို ဖတ်ရှုရင်း အမှတ်တရဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကြောင့် ကျွန်တော်အခုလို ရှိနေနိုင်တာပါ။ ဒါကြောင့် ပရိသတ်တွေ အနေနဲ့လည်း ဆက်လက်ချစ်ခင် အားပေးကြဖို့လည်း ပြောချင်ပါတယ်။ ပရိသတ်အားပေးမှုနဲ့ ထိုက်တန်တဲ့အနုပညာရှင်ကောင်းတစ်ယောက် ဖြစ်လာအောင်လည်း ဆက်ပြီးကြိုးစားသွားပါမယ်” လို့ ပြောပြခဲ့ပါတယ်။

Most Read

Most Recent