ဟာရီကိန်းဒဏ် ခံခဲ့ရသည့် ပွာတိုရီကိုအတွက် လက်တင်အနုပညာရှင်များက ရန်ပုံငွေမတည်ရန် သီချင်းဖြန့်ချိ

ဟာရီကိန်းဒဏ် ခံခဲ့ရသည့် ပွာတိုရီကိုအတွက် လက်တင်အနုပညာရှင်များက ရန်ပုံငွေမတည်ရန် သီချင်းဖြန့်ချိ
Published 8 October 2017

Photo: AP

Hamilton ဂီတပဒေသာကို ဖန်တီးခဲ့သည့် အမေရိကန်တေးရေး၊ ပြဇာတ်ရေးဆရာ၊ သရုပ်ဆောင် လင်မန်နျူရယ်မီရန်ဒါ ဦးဆောင်သည့် လက်တင်အနုပညာရှင်များက ဟာရီကိန်းဒဏ်ခံခဲ့ရသည့် ပွာတိုရီကိုအတွက် ရန်ပုံငွေကောက်ခံရန် သီချင်းသစ်တစ်ပုဒ်ဖြန့်ချိခဲ့သည်။

လင်မန်နျူရယ်မီရန်ဒါ ရေးစပ်သည့် ယင်းသီချင်းတွင် Gloria Estefan ၊ ရီတာမိုရန်နို၊ ဂျနီဖာလိုပက်ဇ်၊ ကာမီလာကာဘယ်လို၊ မက်အန်ထော်နီ နှင့် Despacito အဆိုတော် လူးဝစ်ဖွန်ဆီတို့ ပါဝင်သီဆိုထားသည်။ မီရန်ဒါ၏ မိဘများသည် အမေရိကန်ပိုင်နက်မှဖြစ်သည်။  ဟာရီကိန်း ဝင်ရောက်ခဲ့ပြီးနောက်  ချစ်ခင်မြတ်နိုးသူများနှင့် အဆက်အသွယ်ရရန် ကြိုးပမ်းရာမှ Almost Like Praying သီချင်းရေးစပ်ရန် စိတ်ကူးရခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။  မီရန်ဒါသည် အမေရိကန်အစိုးရ၏ မုန်တိုင်းကယ်ဆယ်ရေး ကြိုးပမ်းမှု နှောင့်နှေးခဲ့သည်ကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ရွှင်မြူးသည့် အကစည်းချက်ဖြင့်စတင်ထားသည့် Almost Like Praying သီချင်းတွင် ဟာရီကိန်းမာရီယာ မွှေနှောက်ဖျက်ဆီးခဲ့သည့် အမေရိကန် ကာရစ်ဘီယံပိုင်နက်ရှိ မြို့ ၇၈ မြို့ကို ထည့်သွင်း သီဆိုထားသည်။ သုံးမိနစ်နှင့်စက္ကန့် ၃၀ ကြာသည့် ယင်းသီချင်းတွင် စပိန်နှင့် အင်္ဂလိပ် သီချင်းစာသားများကို ပေါင်းစပ်ရေးစပ်ထားသည်။ ယင်းသီချင်း၏ ဗီဒီယိုကိုလည်း You Tube တွင် ဖြန့်ချိခဲ့သည်။ အဆိုပါသီချင်းမှ ရရှိသည့် အကျိုးအမြတ်အားလုံးကို လက်တင် အမေရိကနိုင်ငံများဖောင်ဒေးရှင်း၏ ပွာတိုရီကိုဆိုင်ရာ Unidos Disaster relief Fund သို့လှူဒါန်းမည်ဟု မီရန်ဒါက ပြောကြားသည်။

မာရီယာ ဟာရီကိန်းကြောင့် ကာရစ်ဘီယံကျွန်းရှိ မြို့များတွင် လျှပ်စစ်ဓာတ်အား နှင့် တယ်လီဖုန်းဆက်သွယ်ရေး ကွန်ရက်စနစ်များ ပျက်စီးခဲ့သည်။ ပြီးခဲ့သည့်လတွင် ဖြစ်ပွားခဲ့သည့် မုန်တိုင်းကြောင့် လူ ၃၄ ဦး သေဆုံးခဲ့ပြီး ကျွန်း၏ ဒေသအများအပြားတွင် လျှပ်စစ်မီး (သို့မဟုတ်) သန့်ရှင်းသည့် ရေမရဘဲ နေထိုင်နေရသေးသည်။