သရုပ်ဆောင်မော်ဒယ်လ် မေတိုးခိုင်၏ ငယ်ဘဝဖြတ်သန်းရာ

သရုပ်ဆောင်မော်ဒယ်လ် မေတိုးခိုင်၏ ငယ်ဘဝဖြတ်သန်းရာ
Published 21 September 2017

“သရုပ်ဆောင် ဒီဇိုင်နာတစ်ဦးအဖြစ် လုပ်ကိုင်သွားရန် စီစဉ်ထားသူ”

အနုပညာ လမ်းခရီးအတွင်းမှာ မိဘ၊ ဆွေမျိုးရဲ့ အနုပညာအမွေကို လက်ဆင့်ကမ်း သယ်ဆောင်ကြိုးပမ်းသူများစွာ ရှိနေပါတယ်။ ဒီလိုအနုပညာအမွေ လက်ဆင့်ကမ်းကြသူတွေထဲက ဒီတစ်ပတ်မှာတော့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့တူမဖြစ်ပြီး VIVID Fashion ဒီဇိုင်နာအိကျော်ဇင်ရဲ့ သမီးဖြစ်တဲ့ သရုပ်ဆောင် မေတိုးခိုင်ရဲ့ ငယ်စဉ်ဘဝအမှတ်တရ ပုံရိပ်တချို့ကို စုစည်းဖော်ပြပေးချင်ပါတယ်။

သရုပ်ဆောင်မော်ဒယ်လ် မေတိုးခိုင်က အနုပညာဝါသနာဗီဇကို ကောက်ကြောင်းရေးဆွဲ ပုံဖော်လျက်ရှိတဲ့အပြင် လက်ရှိမှာတော့ ‘ရူးအောင်ချစ်မယ့်သူ’ ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ကြော်ငြာနဲ့ အလှဓာတ်ပုံတွေ ရိုက်ကူးလျက်ရှိသလို ပရိသတ်ချစ်ခင်အားပေးမှုတွေကိုလည်း ရရှိထားသူပါ။ ဒါကြောင့် မေတိုးခိုင်ပြောပြခဲ့တဲ့ ငယ်စဉ်ဘဝရဲ့ အမှတ်တရတွေကို ဖော်ပြပေးချင်ပါတယ်။

မေတိုးခိုင်ကို ဧပြီလ ၇ ရက် ၁၉၉၅ ခုနှစ်မှာ မိဘများဖြစ်ကြတဲ့ ဦးတိုးခိုင်နဲ့ ဒေါ်အိကျော်ဇင်တို့က မွေးဖွားခဲ့ကြပါတယ်။ မွေးချင်းညီအစ်မ သုံးယောက်ရှိတဲ့အနက် အကြီးဆုံးသမီးဖြစ်ပြီး ရန်ကုန်မြို့ဇာတိဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝမှာ သမီးဦးဖြစ်တာကြောင့် အလိုလိုက် ချစ်ခင်ခံရမှုများစွာရရှိခဲ့ပြီး အရုပ်များစွာနဲ့ ကစားနေတတ်တာ အမှတ်တရပါလို့ မေတိုးခိုင်က ဆိုပါတယ်။

“ညီမငယ်ငယ်က တစ်ယောက်တည်း ဆော့နေတာများတယ်။ ငယ်ငယ်ကအလိုလိုက်လည်းခံရတော့ အရုပ်တွေလည်း အများကြီးဝယ်ပေးထားတယ်။ များသောအားဖြင့်တော့ အရုပ်တွေနဲ့ပဲ ဆော့နေတာများပါတယ်။ နောက်ထပ်အမှတ်တရ တစ်ခုကတော့ ညီမငယ်ငယ်က လှေကားထစ် ၃၆ ထစ်လောက်ရှိတဲ့ လှေခါးကနေ လှည်းထဲကနေထွက်ပြီး ပြုတ်ကျခဲ့ဖူးတယ်။ ဒါပေမဲ့ ဘာမှတော့မဖြစ်ခဲ့ဘူး။ အဲဒါလေးတော့ ဖေဖေ၊ မေမေတို့ပြောပြခဲ့ဖူးတဲ့ အမှတ်တရပါ” လို့ဆိုပါတယ်။

မေတိုးခိုင်က ငယ်စဉ်ကလေးဘဝကတည်းက အဒေါ်ဖြစ်သူ အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ ရုပ်ရှင်ရိုက်ကွင်းတွေကို လိုက်ပါလေ့ရှိတာကြောင့် အနုပညာလောကနဲ့ အစိမ်းသက်သက် မဟုတ်ဘူးလို့ဆိုရမှာပါ။ မိခင်ဖြစ်သူကလည်း ဖက်ရှင်ဒီဇိုင်နာတစ်ယောက် ဖြစ်တာကြောင့် ငယ်စဉ်ကလေးဘဝကတည်းက ဒီဇိုင်းပညာနဲ့ ပတ်သက်လို့ လေ့လာသင်ယူဖို့လည်း ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။

ကျောင်းပညာရေးအနေနဲ့ မူကြိုကစတင်ပြီး ILBC မှာတက်ရောက်ခဲ့သလို အထက်တန်းပြီးဆုံးသည်အထိ တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ ကျောင်းပညာရေးမှာ ခုနစ်တန်းနှစ်လောက်အထိ ထူးချွန်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ အလယ်အလတ်လောက်ပဲ ဖြစ်တော့တယ်လို့လည်း ဆိုခဲ့ပါတယ်။ အထက်တန်းကျောင်းသူအရွယ်မှာ ဘက်စုံပါဝင်တတ်သူတစ်ယောက်ဖြစ်ပြီး အားကစားကိုလည်း ဝါသနာအရမ်းပါတယ်လို့ ဆိုပါတယ်။

“ညီမငယ်ငယ်က ကျောင်းစာတင်မကဘူး။ ဘက်စုံအကုန်လုပ်လေ့ရှိတယ်။ အားကစားလည်း ဝါသနာပါတယ်။ အနုပညာလည်း ဝါသနာပါတယ်။ အထူးသဖြင့် မှတ်မှတ်ရရဆိုရင် Assembly ဆိုရင်စင်ပေါ်မှာတက်ပြီး စကားပြောရတာတွေ ဘာတွေ အရမ်းသဘောကျတယ်။ လူလည်းမကြောက်တတ်ဘူး။ အဲဒါလေးကတော့ အမှတ်တရပါ။ ဘတ်စကက်ဘော ကစားရတာလည်း အရမ်းဝါသနာပါတယ်” လို့ မေတိုးခိုင်က ငယ်စဉ်ဘဝရဲ့ဖြတ်သန်းမှုကို ပြောပြပါတယ်။

အထက်တန်း အောင်မြင်ပြီးချိန်မှာတော့ IGCSE စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ပြီး Manchester Matropolitan University မှာ ဖက်ရှင်ဘာသာရပ်ကို သွားရောက်လေ့လာ သင်ယူခဲ့တယ်လို့ဆိုပါတယ်။ မတူကွဲပြားတဲ့ သင်ကြားမှုနည်းစနစ်တွေ၊ အခြေခံကစလို့ အဆင့်ဆင့်သင်ကြားမှုတွေကြောင့် အတွေ့အကြုံများစွာ ရရှိခဲ့တယ်လို့လည်း မေတိုးခိုင်က ပြောပြခဲ့ပါတယ်။ ဖက်ရှင်ဘာသာရပ်ကို သင်ယူလေ့လာရာမှာ မြန်မာနဲ့ နိုင်ငံတကာ ကွာဟတဲ့ဖက်ရှင်အယူအဆ၊ အတွေးအခေါ်နဲ့ နှစ်သက်မှုတွေကိုလည်း လေ့လာသင်ယူခဲ့ရပါတယ်လို့ မေတိုးခိုင်က ဆိုပါတယ်။ လက်ရှိမှာတော့ ကျောင်းတစ်နှစ်နားထားပြီး အနုပညာလုပ်ငန်းတွေ လုပ်ဖြစ်နေတယ်လို့ ပြောပြခဲ့ပါတယ်။

အဒေါ်ဖြစ်သူ အကယ်ဒမီအိန္ဒြာကျော်ဇင်နဲ့ အနီးကပ်နေထိုင်ခွင့် ရခဲ့သူတစ်ယောက်အနေနဲ့ အနုပညာနဲ့ မစိမ်းပေမဲ့ဝါသနာပါမှန်းကိုတော့ သေချာသတိမထားမိဘူးလို့လည်း မေတိုးခိုင်က ဆိုပါတယ်။ ၂၀၁၃ ခုနှစ်မှာ ပထမဆုံး အနုပညာလှုပ်ရှားမှုအနေနဲ့ VIVID Fashion ကြော်ငြာဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်။ ဒီနောက်မှာတော့ ‘ရူးအောင်ချစ်မယ့်သူ’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ လက်ခံခဲ့ပါတယ်။

ပထမဆုံးသရုပ်ဆောင်မှု အတွေ့အကြုံနဲ့ ပတ်သက်လို့ မေတိုးခိုင်က “ညီမကဝါသနာပါတယ်၊ လုပ်ကြည့်ချင်တယ်ဆိုပြီးတော့သာ ရိုက်ဖြစ်ခဲ့တာပါ။ တကယ်တမ်းရိုက်တဲ့အခါမှာ အတွေ့အကြုံက နည်းသေးတဲ့အခါကျတော့ လိုအပ်ချက်တွေအများကြီး ရှိပါသေးတယ်။ တွဲဖက်သရုပ်ဆောင်ရတဲ့ ကိုနေတိုးတို့၊ တီတီအူဝဲတို့ကလည်း အများကြီးသင်ပေးပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး လုပ်လို့ရတယ်ဆိုပြီး ပြန်တွေးမိတာတွေလည်းရှိတယ်” လို့ အမှတ်တရ ဆိုပါတယ်။

‘ရူးအောင်ချစ်မယ့်သူ’ ရုပ်ရှင်ဇာတ်ကားက ဒါရိုက်တာ အောင်ဇော်လင်း ရိုက်ကူးပြီး အကယ်ဒမီနေတိုး၊ အကယ်ဒမီအိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့ ပါဝင်ထားတာပါ။ ဒီဇာတ်ကားကလည်း မကြာခင်ရုံတင်ပြသတော့မှာ ဖြစ်တဲ့အတွက် မေတိုးခိုင်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ပရိသတ်တွေ အကဲဖြတ်နိုင်တော့မှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ မေတိုးခိုင်က ကြော်ငြာနဲ့အလှဓာတ်ပုံတွေ ရိုက်ကူးနေပြီး ပရိသတ်ချစ်ခင်အားပေးမှုလည်း များစွာရရှိထားပါတယ်။

ဖက်ရှင်ဘာသာရပ်ကို စနစ်တကျ သင်ယူလေ့လာထားတဲ့ မေတိုးခိုင်က မိခင်ဖြစ်သူရဲ့ လုပ်ငန်းမှာလည်း ပါဝင်လေ့လာရင်းကူညီလျက် ရှိနေပါတယ်။ အနာဂတ်မှာတော့ သရုပ်ဆောင်တစ်ယောက်အပြင် ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်အနေနဲ့ပါ ရပ်တည်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ကိုယ်ပိုင်အမှတ်တံဆိပ် ဖက်ရှင်အဝတ်အထည်တွေကို ဖန်တီးဖွင့်လှစ်သွားနိုင်ဖို့ ရည်မှန်းထားတယ်လို့လည်း ဆိုပါတယ်။

အဒေါ်ဖြစ်သူ အကယ်ဒမီအိန္ဒြာကျော်ဇင်နဲ့ ရုပ်ရည်တူတဲ့အပြင် အမူအရာတချို့ပါ ဆင်နေတဲ့မေတိုးခိုင်က အဒေါ်ဖြစ်သူနဲ့ ငယ်စဉ်ကတည်းက အတူနေခဲ့တာကြောင့် လုပ်ယူထားတာမဟုတ်ဘဲ ဆင်တူနေတာတွေရှိသလို အဒေါ်ဖြစ်သူရဲ့ ဇာတ်ကားတိုင်းမှာ မုဒ်အပြည့်နဲ့ သရုပ်ဆောင်နိုင်တဲ့ စွမ်းရည်ကိုလည်း အားကျမိပါတယ်လို့ ဆိုခဲ့ပါတယ်။ အဒေါ်ဖြစ်သူက အမူအရာပိုင်းနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာတွေကို သင်ကြားပေးတာကြောင့် ကြိုးစားလေ့လာ သင်ယူနေပါတယ်လို့လည်း ဖြည့်စွက်ပြောပြခဲ့ပါတယ်။

မေတိုးခိုင်က ပရိသတ်တွေကို ကျေးဇူးအများကြီးတင်သလို ပရိသတ်များကပေးတဲ့ ခွန်အားကြောင့် ပိုမိုကြိုးစားလိုစိတ်တွေ ဖြစ်ပေါ်စေပါတယ်၊ သရုပ်ဆောင်ဒီဇိုင်နာ တစ်ဦးအနေနဲ့ လုပ်ကိုင်သွားဖို့လည်း ရည်မှန်းထားပါတယ်လို့လည်း ဆိုခဲ့ပါတယ်။

နောက်တစ်ပတ်တွေမှာလည်း ပရိသတ်ချစ်ခင်အားပေးတဲ့ အနုပညာရှင်တွေရဲ့ ငယ်စဉ်ဘ၀ အမှတ်တရပုံရိပ်တွေကို စုစည်းဖော်ပြပေးမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးလို့ ဆိုပါရစေ။