တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူ အမျိုးသားအား သေဒဏ်အမိန့်ချ

တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူ အမျိုးသားအား သေဒဏ်အမိန့်ချ
Published 7 September 2017

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဖြစ်ပွားခဲ့သော နှစ်လောင်းပြိုင် လူသတ်မှု ကျူးလွန်သူ အမျိုးသားအား စက်တင်ဘာ ၆ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်ပြီး အပြီးသတ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုနေ့ ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ ကျူးလွန်သူ လှမျိုးနိုင် (ခ) ရာကွတ် (၂၄ နှစ်) အား  အမှုစစ်ဆေး ပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁) (ခ) အရ သေဒဏ်ကျခံစေရန် အမိန့်ချခဲ့ကြောင်း သိရသည်။

ယင်းနှစ်လောင်းပြိုင် လူသတ်မှုဖြစ်စဉ်မှ လူသတ်မှုကျူးလွန်သူ လှမျိုးနိုင်(ခ) ရာကွတ် (၂၄ နှစ်) ကို ပြစ်မှုနှစ်ခုလုံးအတွက် ရာဇသတ်ကြီးဥပဒေပုဒ် ၃၀၂ (၁) (ခ) ဖြင့် စွဲတင်ချက်ကြောင်း မေ ၂ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့် ပတ်သက်၍ စစ်ဆေးမှုများအား အရှေ့ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး (၁၃) တရားခွင်၌ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် ည ၇ နာရီကျော်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ၂၀ ရပ်ကွက် မောင်းမကန်လမ်းရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ရှိနေသော ဦးမြင့်ဌေးသည် ၎င်းနေအိမ်တွင် သားကြီးဖြစ်သူ ကျော်ကျော်နှင့် သားငယ်ဖြစ်သူ အောင်ပိုင်ဦးတို့မှာ နေအိမ်အတွင်း ဓားဖြင့်ထိုးခံရကြောင်း သိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ သွားရောက်ကြည့်ရှုစဉ် သားကြီးဖြစ်သူ ကိုကျော်ကျော်တွင် ယာဘက်လည် ပင်းထိုးသွင်းဒဏ်ရာ၊ ဝဲရင်အုံ ပြတ်ရှဒဏ်ရာ၊ ဝဲရင်ညွန့်ပြတ်ရှဒဏ်ရာ၊ လည်ပင်းအောက် ထိုးသွင်းဒဏ်ရာများရရှိပြီး သားငယ်ဖြစ်သူ အောင်ပိုင်ဦးတွင်လည်း ယာလက်မောင်း၊ ယာရင်အုံ၊ ယာလက်ပြင်တို့တွင် ထိုးသွင်းပြတ်ရှဒဏ်ရာများ ရရှိသောကြောင့် သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။