မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ဆိပ်ကမ်းရှိ ကုန်တင်သင်္ဘောတစ်စင်းပေါ်မှ AA အဖွဲ့၏ ထောက်ပံ့ရေးတာဝန်ခံများက သယ်ဆောင်ခိုင်းသည့် ကျပ်တစ်ဘီလျံခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြား တစ်သန်း ဖမ်းမိ

မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ဆိပ်ကမ်းရှိ ကုန်တင်သင်္ဘောတစ်စင်းပေါ်မှ AA အဖွဲ့၏ ထောက်ပံ့ရေးတာဝန်ခံများက သယ်ဆောင်ခိုင်းသည့် ကျပ်တစ်ဘီလျံခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြား တစ်သန်း ဖမ်းမိ
Published 26 March 2024

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ဆိပ်ကမ်းရှိ အမှတ်(၂)တံတား၌ ဆိုက်ကပ်ထားသော ရန်ကုန်-စစ်တွေ ပြေးဆွဲသည့် အမ်ဗွီ-စိန်ပြည့်မင်း ကုန်တင်သင်္ဘောပေါ်မှ AA အဖွဲ့၏ ထောက်ပံ့ရေးတာဝန်ခံများက သယ်ဆောင်ခိုင်းသည့် ကျပ်တစ်ဘီလျံခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြား တစ်သန်း ဖမ်းဆီးရမိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

မတ် ၂၁ ရက် ညနေပိုင်းတွင် စစ်တွေမြို့နေ AA အဖွဲ့၏ ထောက်ပံ့ရေးတာဝန်ခံ သန်ဇင်ဦးသည် ဘူးသီးတောင်မြို့နယ် AA အဖွဲ့၏ ထောက်ပံ့ရေးတာဝန်ခံ မေယုထွန်းနှင့်ချိတ်ဆက်၍ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့မှတစ်ဆင့် စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့များသို့ ပို့ဆောင်နေကြောင်း သတင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု (၅)လမ်း၊ အိမ်အမှတ် (၃၀၁)သို့ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ပေးသည့် ထွန်းသိန်းအောင်နှင့် ၎င်း၏ဇနီးဖြစ်သူ စုမြတ်ဝေတို့ နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ မတ် ၂၁ ရက်ညပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဆိပ်ကမ်းရှိ အမှတ်(၂)တံတား၌ ဆိုက်ကပ်ထားသော ရန်ကုန်-စစ်တွေ ပြေးဆွဲသည့် အမ်ဗွီ-စိန်ပြည့်မင်း ကုန်တင်သင်္ဘောအား ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ ကတ္ထူဖာများအတွင်း၌ WY စာတန်းပါ(ပန်းရောင်) စိတ်ကြွရူးသွပ်ဆေးပြား တစ်သန်း (ကာလတန်ဖိုးကျပ် တစ်ဘီလျံခန့်) အား သိမ်းဆည်းရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ဖမ်းဆီးရမိထားသည့် စုမြတ်ဝေ၏ ထွက်ဆိုချက်အရ မတ် ၁၄ ရက်တွင် စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်နေ အစ်မဝမ်းကွဲ၏ ခင်ပွန်းဖြစ်သူ သန့်ဇင်ဦးမှ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပို့ဆောင်ပေးပါက ကျပ်သိန်းနှစ်ရာပေးမည်ဟု ပြောကြားသောကြောင့် ခင်ပွန်းဖြစ်သူ ထွန်းသိန်းအောင်နှင့်တိုင်ပင်ကာ သဘောတူလက်ခံခဲ့ကြောင်း၊ မတ် ၂၀ ရက်တွင် သန့်ဇင်ဦး၏သား ကျော်ပိုင်သူ လာရောက်ပို့ဆောင်ပေးသည့် မူးယစ်ဆေးဝါးများအား ဂေါ်ဇီလာ ဆပ်ပြာတောင့်များနှင့်အတူ ရောနှောထုပ်ပိုးပြီး ကတ္ထူဖာများအတွင်းထည့်ကာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ပို့ဆောင်ရန် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဆိပ်ကမ်းရှိ အမှတ် (၂)တံတား၌ ဆိုက်ကပ်ထားသော ရန်ကုန်-စစ်တွေ ပြေးဆွဲသည့် အမ်ဗွီ-စိန်ပြည့်မင်း ကုန်တင်သင်္ဘောပေါ်သို့ တင်ဆောင်ပေးခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

AA အဖွဲ့အနေဖြင့် ၎င်းတို့အဖွဲ့ ရပ်တည်နိုင်ရေးနှင့် လက်နက်/ခဲယမ်းများ ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် လိုအပ်သောငွေကြေးများ ရရှိနိုင်ရန် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိပြီး ၂၀၁၆ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ AA အဖွဲ့နှင့်ဆက်စပ်ပတ်သက်သည့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုသည် ကိုးကြိမ်ရှိပြီး သိမ်းဆည်းရမိမူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးသည် ကျပ် ၂၉၄ ဒသမ ၈၂ ဘီလျံဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။ 

ဖမ်းဆီးရမိထားသူများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရန်ကျန် သန့်ဇင်ဦးနှင့် ကျော်ပိုင်သူအပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Most Read

Most Recent