ဆယ်တန်းကျောင်းသူ မိန်းကလေးကို မုဒိမ်းကျင့်သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့သော ကျူးလွန်သူနှစ်ဦးအား မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် အမိန့်ချမှတ်

ဆယ်တန်းကျောင်းသူ မိန်းကလေးကို မုဒိမ်းကျင့်သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့သော ကျူးလွန်သူနှစ်ဦးအား မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် အမိန့်ချမှတ်
Published 18 September 2018

မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် အမိန့်ချမှတ်ခံရသူအား တွေ့ရစဉ်

ကျိုင်းတုံတွင် ၁၉ နှစ်အရွယ် ဆယ်တန်းကျောင်းသူကို မုဒိန်းကျင့်သတ်ဖြတ်ပြီး အလောင်းမီးရှို့ ဖျောက်ဖျက်ခဲ့သော ကျူးလွန်သူနှစ်ဦးဖြစ်သည့် စိုးလွင် (၄၀ နှစ်) နှင့် စိုင်းရှဲန် (၂၉ နှစ်) တို့ကို ကျိုင်းတုံခရိုင် ဒုတိယတရားရုံးက မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် အမိန့်ချမှတ်လိုက်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ကျိုင်းတုံခရိုင်တရားရုံးမှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး၊ ကျိုင်းတုံခရိုင်တွင်း ပထမဆုံးချမှတ်ခဲ့သည့် အမြင့်ဆုံး ပြစ်ဒဏ်ပင်ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျိုင်းတုံမှာ ဖြစ်ခဲ့တဲ့အမှု လူသတ်မီးရှို့ပြီး အလောင်းဖျောက်ဖျက်မှုပေါ့။ လက်စွပ်လေးကနေ တဆင့်တရားခံ သုံးဦးကို ဆက်လက် စုံစမ်းဖော်ထုတ်ပြီးတော့ တရားခံစိုးလွင်နဲ့ အိုက်ရှဲန်တို့ကို တရားရုံးစွဲတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုကိုဆိုရင် ဒီနေ့မှာ ကျိုင်းတုံခရိုင် တရားရုံးကနေ မသေမချင်း ကြိုးကွင်းစွပ်သတ်ပြီး သေစေဆိုတဲ့ အမိန့်ကိုချမှတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒီဇင်ဘာ ၂၂ ရက်က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ လွိုင်မွေဘက်သွားသည့် လမ်းနံဘေးတစ်နေရာ နမ့်လပ်ရေအားလျှပ်စစ်စက်ရုံနားတွင် မီးရှို့ခံထားရသည့် အမည်မသိ အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် အမိန့်ချမှတ်ခံရသူအား တွေ့ရစဉ်

စုံစမ်းမှုများအရ အဆိုပါ မီးရှို့ခံထားရသော အလောင်းသည် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်ပြီး ကျိုင်းတုံမြို့နေသူဖြစ်ကြောင်းကို အလောင်းတွင်တွေ့ရှိရသည့် လက်စွပ်အရ ရဲတပ်ဖွဲ့က အတည်ပြုနိုင်ခဲ့ကြောင်း၊ အဆိုပါ မိန်းကလေးသည် နေအိမ်မှ ငါးရက်ခန့် ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအမှုမှ ကျူးလွန်သူဖြစ်သော စိုးလွင်ကို ဒီဇင်ဘာ ၂၅ ရက်တွင် ကျိုင်းတုံမြို့၌ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်ကြောင်း ဒီဇင်ဘာ ၂၆ ရက်တွင် တရားခံကိုယ်တိုင် ခံဝန်ချက်ပေးရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျူးလွန်သူတစ်ဦးဖြစ်သည့် အိုက်ပီး (ခ) စိုင်းရှဲန်မှာ သာစည်မြို့တွင် ယာဉ်တိုက်မှုအတွက် သွားရောက်၍ တရားရင်ဆိုင်နေစဉ် သာစည်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းတွင် ဒီဇင်ဘာ ၂၂ ရက်က (ပ) ၂၃၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၁၀ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားခြင်းဖြစ်သည်။

ကျိုင်းတုံခရိုင်တရားရုံးမှ အမိန့်ချမှတ်ခဲ့သည်မှာ ပုဒ်မ ၃၀၂ (၁) (ဂ) /၃၄ နှင့် ကျူးလွန်သူ တရားခံနှစ်ဦးစလုံးကို မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။