အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးအား ကလေးသူခိုးဟု ယူဆပြီး ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်မီးရှို့မှု ချောင်းဦးမြို့နယ်တွင် ဖြစ်ပွား

အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးအား ကလေးသူခိုးဟု ယူဆပြီး ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်မီးရှို့မှု ချောင်းဦးမြို့နယ်တွင် ဖြစ်ပွား
Published 12 September 2018

အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးအား ကလေးသူခိုးဟု ယူဆကာ ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်မီးရှို့မှု ချောင်းဦးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ချောင်းဦးမြို့မရဲစခန်းမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၊ မင်းတည်ကျေးရွာတွင် စက်တင်ဘာ ၁၀ ရက် ညပိုင်းက မျက်နှာစိမ်း အမျိုးသား တစ်ဦးအား ကလေးသူခိုးဟု ယူဆကာ ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်ကာ မင်းတည်ကျေးရွာအပြင် သချုႋင်း၌ အလောင်းအား မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနေ့ည ၇ နာရီခွဲဝန်းကျင်လောက်မှာ မင်းတည်ရွာက မသဲစုလင်း (၁၆) နှစ် ရွာထဲကနေ ဈေးဝယ်ပြန်လာတဲ့ အချိန် သူတို့အိမ် မရောက်ခင်မှာ မျက်နှာစိမ်း အမျိုးသားကို မြင်တွေ့ပြီး လူလူလို့အော်ပြီး အိမ်ထဲပြေးဝင် သွားခဲ့ရာကနေ သူ့အမေကပါ လူဟေ့လူ ဟေ့လုပ်ကြဦး အော်လိုက်တဲ့အခါ ရွာသားတွေ ရောက်လာပြီး ဝိုင်းဖမ်းရိုက်သတ်ပစ်ကြတယ်။ ရွာပြင်သချုႋင်းမှာ အလောင်းကို မီးရှို့ပစ်ကြတာပါ။ ကလေးခိုးတာ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံး ဟော့နေတဲ့ ကလေးခိုး သတင်းတွေကို အခြေခံပြီး ရွာက မျက်နှာစိမ်း မြင်တဲ့အခါ သင်္ကာမကင်း စိုးရိမ်စိတ် လွန်ကဲပြီး ဖြစ်သွားတာပါ။ ကလေးကို ဆွဲထုတ်ခေါ်ယူတာ မရှိပါဘူး။ အသတ်ခံရတဲ့ အမျိုးသားက အသက် ၄၀ အရွယ် အမျိုးသား တစ်ဦးပါ။ ဘယ်ကလဲ ဘယ်သူလဲ ဆိုတာ မသိရသေးသလို ဘယ်သူတွေက သူ့ကိုသတ်ဖြတ် မီးရှို့လဲဆိုတာ စုံစမ်းဖော်ထုတ်နေဆဲပါ” ဟု ချောင်းဦးမြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိ ရဲအုပ်ရဲမြင့်က ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ချောင်းဦးမြို့မရဲစခန်းတွင် (ပ)၂၁၅/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၂၀၁/ ၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent