<

ယာဉ်ချင်းပွတ်တိုက်မိရာမှ အငှားယာဉ်မောင်းနှစ်ဦး စကားများရန်ဖြစ်ပြီး စတီးပိုက်ဖြင့် ရိုက်သတ်မှုဖြစ်ပွား

မြောက်ဒဂုံမြို့နယ်တွင် ယာဉ်ချင်းပွတ်တိုက်မိသည့် ကိစ္စဖြင့် အငှားယာဉ်မောင်းနှစ်ဦး စကားများ ရန်ဖြစ်ရာမှ စတီးပိုက်ဖြင့် ရိုက်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သြဂုတ် ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မြောက်ဒဂုံမြို့နယ် (၄၃) ရပ်ကွက် ဗိုလ်မှူးဗထူးလမ်းမပေါ်တွင် သြဂုတ် ၂၂ ရက် ည ၁၀ နာရီခန့်က အမျိုးသား တစ်ဦးဒဏ်ရာများဖြင့် လဲနေကြောင်း သိရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ ဒဏ်ရာရရှိပြီး လဲကျနေသူမှာ မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သည့် အငှားယာဉ်မောင်း တစ်ဦးဖြစ်သူ ကို… (၄၄ နှစ်) ဆိုသူဖြစ်ကြောင်း သိရသည်။

ထို့နောက် တာဝန်ရှိသူများက ဆက်လက်စစ်ဆေးရာ ကို…. (၄၄ နှစ်)မှာ ၎င်းမောင်းနှင်သည့် အငှားယာဉ်ဖြင့် အခြားပရိုဘောက် အမျိုးအစား အငှားယာဉ် တစ်စီးအား ကျော်တက်စဉ် ဘေးချင်းပွတ်တိုက်မိရာမှ အဆိုပါ ပရိုဘောက်ယာဉ်မောင်းနှင့် စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ထိုသို့ စကားများရန်ဖြစ်စဉ် ပရိုဘောက် အငှားယာဉ်မောင်းမှ ကို….(၄၄ နှစ်) အား အရှည် ၁၄ လက်မခန့်ရှိ စတီးပိုက်ဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ စတီးပိုက်ဖြင့် ရိုက်နှက်ခံခဲ့ရသဖြင့် ကို….. (၄၄ နှစ်) မှာ ဦးခေါင်းစုတ်ပြဲ၊ နဖူးစုတ်ပြဲ၊ နှာခေါင်းသွေးထွက်၊ ပါးဖူးရောင်၊ နားသွေးထွက်၊ နှုတ်ခမ်းစုတ်ပြဲ၊ မျက်ခုံးဖူးရောင် ဒဏ်ရာများ ရရှိခဲ့ကာ မြောက်ဥက္ကလာပဆေးရုံကြီးသို့ တင်ပို့ကုသစဉ် ည ၁၂ နာရီ ခန့်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

“ကျူးလွန်တဲ့ အငှားယာဉ်မောင်းကို ဖမ်းမိပါပြီ။ ကားချင်းပွတ်ချိတ်မိတဲ့ ကိစ္စနဲ့ စကားများကြပြီး ဖြစ်ကြတယ်လို့ သိရတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးရမိသူမှာ မြောက်ဒဂုံမြို့နယ်နေ အငှားယာဉ်မောင်း အောင်ကိုဦး (၂၉ နှစ်)ဆိုသူဖြစ်ပြီး ၎င်းကို မြောက်ဒဂုံမြို့မရဲစခန်းက (ပ) ၁၆၅၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ထားပြီး ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သိရသည်။

August 23, 2018














Copy Protected by Chetan's WP-Copyprotect.