တရုတ်နိုင်ငံတွင် တရုတ်မယား လုပ်ပါက မြန်မာငွေကျပ် ၁၅ သိန်းရမည် ပြောဆို စည်းရုံးသည့် အမျိုးသမီးအား ဖမ်းဆီးအရေးယူ

တရုတ်နိုင်ငံတွင် တရုတ်မယား လုပ်ပါက မြန်မာငွေကျပ် ၁၅ သိန်းရမည် ပြောဆို စည်းရုံးသည့် အမျိုးသမီးအား ဖမ်းဆီးအရေးယူ
Published 21 August 2018

တရုတ်နိုင်ငံတွင် တရုတ်မယား လုပ်ပါက မြန်မာငွေကျပ် ၁၅ သိန်းရမည်ဟု ပြောဆို စည်းရုံးသည့် အမျိုးသမီးအား နယ်မြေရဲစခန်း (အမှတ်-၄) မှ အမှုဖွင့်ကာ ဖမ်းဆီး အရေးယူထားကြောင်း သြဂုတ် ၂၀ ရက်က သတင်းရရှိသည်။

လူကုန်တားတပ်ဖွဲ့စု ၁၁ သို့ သြဂုတ် ၁၉ ရက် ၁၀ နာရီက အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက် အမျိုးသမီးရေးရာအဖွဲ့ဝင် အမျိုးသမီးနှစ်ဦးနှင့် ၂၆ နှစ်အရွယ်ရှိ မိန်းကလေး (မှီခို) တို့ သုံးဦးသည် ရောက်ရှိလာပြီး ၂၆ နှစ်အရွယ် မိန်းကလေး၏ လင်ညီမတော်သူ ၄၂ နှစ်အရွယ် အမျိုးသမီး (စက်သုံးဆီရောင်းသူ တောင်သာမြို့နယ်နေသူ) က တရုတ်မယား လုပ်ပါက မြန်မာငွေကျပ် ၁၅ သိန်း ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ လိုက်မည်ဆိုပါက မွန်းလွဲ ၃ နာရီ ညောင်ကွဲရပ်ကွက် ၁၂ လမ်းထိပ် တာပေါင်သို့ လာရောက်ရန် စည်းရုံး ပြောဆိုသောကြောင့် ၎င်းမှာ တရုတ်ပြည်သို့ လိုက်ရန် သဘောတူခဲ့ကြောင်း တိုင်တန်းချက်များအရ သိရသည်။

ထို့နောက် လူကုန်တားရဲတပ်ဖွဲ့က ၂၆ နှစ်အရွယ် မိန်းကလေး၏ ဖုန်းဖြင့် အသက် ၄၂ နှစ်အရွယ် အမျိုးသမီးထံသို့ ဆက်သွယ်စေခဲ့ပြီး ခရီးသွားမည့် အစီအစဉ်အား မေးမြန်းစေခဲ့ရာ တရုတ်မယား လုပ်ပါက မြန်မာငွေကျပ် ၁၅ သိန်းရမည်၊ ချိန်းဆိုသည့် နေရာသို့ ထွက်လာခဲ့ရန် ပြောဆို စည်းရုံးနေသည်ကို ကြားသိရသောကြောင့် ၎င်းနေရာသို့ လူကုန်တားရဲတပ်ဖွဲ့မှ သွားရောက်ခဲ့ရာ ၄၂ နှစ်အရွယ် အမျိုးသမီးအား တွေ့ရှိခဲ့သောကြောင့် လူကုန်တားတပ်ဖွဲ့ စုရုံးသို့ ခေါ်ဆောင် စစ်မေးရာ တရုတ်မယား လုပ်ရန်နှင့် တရုတ်ပြည်သို့ ခေါ်ဆောင်သွားရန် ပြောဆို စည်းရုံးနေသည်မှာ မှန်ကန်ကြောင်းနှင့် သြဂုတ် ၂၀ ရက် မန္တလေး-မူဆယ် ကားလက်မှတ် ဖြတ်ပေးရန် ကားဂိတ်သို့လည်း ဆက်သွယ်ထားကြောင်း ပြောပြချက်များအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နယ်မြေရဲစခန်း အမှတ် (၄) မှ ၄၂ နှစ်အရွယ် အမျိုးသမီးအား (ပ) ၃၄၄/၂၀၁၈၊ လူကုန်တားအက်ဥပဒေ ပုဒ်မ ၂၄/၃၂ အရ အမှုဖွင့်ကာ ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။