ညအချိန်လုံခြုံရေးအတွက် ယာဉ်စစ်ရာမှတစ်ဆင့် ဒါရိုက်တာမိုက်တီးအား မူးယစ်ဆေးဝါးများနှင့်အတူ တာမွေမြို့နယ်တွင် ဖမ်းဆီးရမိ

ညအချိန်လုံခြုံရေးအတွက် ယာဉ်စစ်ရာမှတစ်ဆင့် ဒါရိုက်တာမိုက်တီးအား မူးယစ်ဆေးဝါးများနှင့်အတူ တာမွေမြို့နယ်တွင် ဖမ်းဆီးရမိ
Published 17 August 2018

(Photo - Yangon Police)

ညအချိန်လုံခြုံရေးအတွက် ယာဉ်စစ်ရာမှတစ်ဆင့် ဒါရိုက်တာမိုက်တီးအား မူးယစ်ဆေးဝါးများနှင့်အတူ တာမွေမြို့နယ်တွင် ဖမ်းဆီးရမိကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၆ ရက်ည ၁၁ နာရီခန့်က တာမွေမြို့မရဲစခန်းမှ တာဝန်ရှိသူများသည် အ-ထ-က (၃) တာမွေကျောင်းအနီးတွင် ယာဉ်များအား ပိတ်ဆို့ရှာဖွေ စစ်ဆေးနေစဉ် ဒါရိုက်တာမိုက်တီး (ခ) သန်းထွန်းဇော် တစ်ဦးတည်း မောင်းနှင်လာသောယာဉ်အား စစ်ဆေးရာမှ မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သူ့ကို တာမွေထဲမှာ ယာဉ်ပိတ်ဆို့ စစ်ဆေးရင်း ဖမ်းမိတာ။ အခုတော့ စစ်ဆေးနေဆဲပါ။ အသေးစိတ်ကို ပြောလို့မရသေးပါဘူး” ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက သြဂုတ် ၁၇ ရက် နံနက် ၁ နာရီခွဲခန့်တွင် ပြောကြားသည်။

သြဂုတ် ၁၇ ရက် နံနက် ၁ နာရီခွဲကျော်အထိ ဒါရိုက်တာမိုက်တီးအား ဆက်လက် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အမျိုးအစားအား အသေးစိတ်မသိရှိရသေးပေ။

သြဂုတ်လဆန်းပိုင်းမှစပြီး အနုပညာလောကအတွင်း စိတ်ကြွမူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ ရှိလာခဲ့သည်။

သြဂုတ် ၉ ရက်က ရန်ကင်းမြို့နယ် အမှတ် (၁) ရပ်ကွက် ရန်ကင်းလမ်း၊ Golden City အိမ်ရာနေ အဆိုတော် ရွှေထိုက် (ခ) မဝေလွင်ဇော်နှင့် အမျိုးသားတစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၁၉၉၄ ပြား၊ အိုက်စ် ၇၇၃ ဂရမ်၊ ဘိန်းဖြူ ၁၁ ဂရမ်နှင့် ဆေးခြောက် ၁၂ ဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ရန်ကင်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အလားတူ သြဂုတ် ၁၅ ရက်ကလည်း အဆိုတော် ရဲမင်းသိန်း(ခ)ရသ အပါအဝင် သုံးဦးအား မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ထွန်တုံးရပ်ကွက် အောင်ဇေယျလမ်း ၄၉ လမ်းနှင့် ၅၀ လမ်းကြားရှိ ဧည့်ရိပ်မွန်တစ်ခုတွင် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁၆၅၅ ပြား၊ ကာလတန်ဖိုး ကျပ် ၈၂၇၅၀၀၀ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အောင်ပင်လယ်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။