အိမ်အကူအမျိုးသမီးအား သေဆုံးသည်အထိ နှိပ်စက်ခဲ့သည်ဟုဆိုသော ဥပဒေအရာရှိအမျိုးသမီး အမှုရုံးချိန်းတွင် တရားလိုပြသက်သေ ၁၀ ဦးအထိ စစ်ဆေးပြီးစီး

အိမ်အကူအမျိုးသမီးအား သေဆုံးသည်အထိ နှိပ်စက်ခဲ့သည်ဟုဆိုသော ဥပဒေအရာရှိအမျိုးသမီး အမှုရုံးချိန်းတွင် တရားလိုပြသက်သေ ၁၀ ဦးအထိ စစ်ဆေးပြီးစီး
Published 17 August 2018

လှည်းကူးမြို့နယ်တွင် အိမ်အကူ အမျိုးသမီးအား သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟုဆိုသည့် ဥပဒေအရာရှိ အမျိုးသမီးရုံးချိန်းတွင် စုစုပေါင်း တရားလိုပြသက်သေ ၁၀ ဦးအထိ စစ်ဆေးပြီးပြီဖြစ်ကြောင်း သြဂုတ် ၁၆ ရက်တွင် အဆိုပါအမှုအား လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေထံမှ စုံစမ်းသိရှိရသည်။

သြဂုတ် ၁၆ ရက်တွင် တောင်ပိုင်းခရိုင် တရားရုံး၌ အဆိုပါအမှုမှ တရားလိုပြသက်သေနှစ်ဦးဖြစ်သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။

“ဒီနေ့က တရားလိုပြသက်သေနှစ်ဦးကို စစ်ဆေးတယ်။ ခေတ္တရာက မျက်မြင်သက်သေနှစ်ဦးပါ။ ပထမတစ်ယောက် ဦးကျော်မြင့်က သူက မကရင်မကို ဒေါ်သိင်္ဂီစုက လာပို့တဲ့ အချိန်မှာ မကရင်မကို မ,ပြီး ခေါ်ရတဲ့သူပါ။ နောက်တစ်ဦးက ဒေါ်အေးသိန်းပါ။ သူက ကရင်မ သူ့အိမ်ကိုပြန်ရောက်တဲ့အခါ ချက်ချင်းသွားကြည့်တဲ့သူပါ။ ထူးခြားချက် ဘာရှိလဲဆိုတော့ စွပ်စွဲခံထားရသူဘက်က ရှေ့နေက ဧရာဝတီသတင်းဌာနက ကရင်မအမှုဖြစ်တဲ့အချိန်မှာ နယ်ခံအမျိုးသမီးတစ်ဦးကို အင်တာဗျူးထားတဲ့ ဗီဒီယိုဖိုင်ကို ဒေါ်အေးသိန်းကို ပြတယ်။ ဒေါ်အေးသိန်းကလည်း သူဖြေထားတယ်ဆိုတာပြောတယ်။ အမှန်က ဟိုဘက်ရှေ့နေက ဗီဒီယိုဖိုင်ကို သက်သေခံ မတင်သွင်းဘဲနဲ့ မေးတယ်။ သူက အဲဒီဗီဒီယိုဖိုင်ထဲမှာ သတင်းဌာနကို ဖြေကြားခဲ့တဲ့အတိုင်း၊ အကြောင်းအရာတွေကို နည်းနည်းလေးမလွဲဘဲ တရားခွင်မှာ ထွက်ဆိုခဲ့တယ်။ အဲဒီတစ်ချက်ကိုတော့ အားရပါတယ်။ အခုဆိုရင် တရားလိုပြသက်သေ ၁၀ ဦးအထိ စစ်ဆေးပြီးပါပြီ” ဟု သေဆုံးသူ အိမ်အကူအမျိုးသမီးဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ဆိုသည်။

လာမည့် ရုံးချိန်းအား သြဂုတ် ၂၃ ရက်သို့ ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ တွံ့တေးမြို့နယ်၊ ခတ္ထိယတိုက်နယ်၊ ခတ္ထိယကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာနေ မခင်စန္ဒာဦး (ခ) မကရင်မ (၃၈ နှစ်)မှာ ပြီးခဲ့သည့်ခြောက်လခန့်က လှည်းကူးမြို့နယ်၊ အင်းတိုင်၊ သံချပ်ကာ တပ်ရင်းရှိ နေအိမ်တစ်အိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့သည်။

ယင်းသို့ လုပ်ကိုင်နေခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် မေ ၁၉ ရက် မွန်းလွဲပိုင်းတွင် ၎င်းအလုပ်ကိုင်နေသည့်နေအိမ်မှ အိမ်ရှင်အမျိုးသမီးဖြစ်သည့် ဥပဒေအရာရှိ ဒေါ်သိင်္ဂီစု (၃၂ နှစ်) က မကရင်မနှင့်အတူ မကရင်မ နေထိုင်သည့် အုတ်ဖိုကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး အိမ်နီးချင်းများနှင့် သက်ဆိုင်ရာ ရာအိမ်မှုးကိုခေါ်ကာ မကရင်မမှာ နေမကောင်းသဖြင့် လာရောက်ပြန်ပို့သည်ဟုဆိုကာ လူနာအား ကောင်းမွန်စွာ လက်ခံရရှိကြောင်းကို လက်မှတ်ထိုးခိုင်းခဲ့ကြောင်း သိရသည်။

ယင်းသို့ မကရင်မအား ထားခဲ့ပြီးနောက် ဒေါ်သိင်္ဂီစု (၃၂ နှစ်) ပြန်သွားသည့်အချိန်တွင် အိမ်နီးချင်းများက မကရင်မအား မေးမြန်းရာ ဆွဲကြိုးခိုးသည်ဟု စွပ်စွဲပြောဆို၍ ၎င်းကို ဒေါ်သိင်္ဂီစု (၃၂ နှစ်) က ခြေထောက်ဖြင့်ကန်ကာ ကျောက်ပြင်ဖြင့် ထုသည်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း သိရပြီး မကရင်မ၏ ဦးခေါင်း၊ မျက်နှာ၊ ရင်ဘတ်တို့တွင် ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် မကရင်မက ၎င်းကိုဆေးရုံသို့ ပို့ဆောင်ပေးရန် ပြောသဖြင့် အိမ်နီးချင်းများနှင့် သက်ဆိုင်ရာကျေးရွာလူကြီးများက ဆေးရုံသို့ ပို့ဆောင်ရန်ပြုလုပ်နေစဉ် မကရင်မမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent