အဆိုတော် အစ္စဏီနှင့် မော်ဒယ် စူးရှထက်အမှု ရုံးပြောင်း စစ်ဆေးပေးရန် လျှောက်ထားမှု အရှေ့ပိုင်းခရိုင်တရားရုံးက ပယ်ချ

အဆိုတော် အစ္စဏီနှင့် မော်ဒယ် စူးရှထက်အမှု ရုံးပြောင်း စစ်ဆေးပေးရန် လျှောက်ထားမှု အရှေ့ပိုင်းခရိုင်တရားရုံးက ပယ်ချ
Published 10 August 2018

အဆိုတော် အစ္စဏီနှင့် မော်ဒယ် စူးရှထက်အမှု ရုံးပြောင်း စစ်ဆေးပေးရန် လျှောက်ထားခြင်းအား သြဂုတ် ၉ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံးက ပယ်ချသည်ဟု အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုကို ပုံမှန် စစ်ဆေးနေသည့် တာမွေမြို့နယ် တရားရုံးမှ အရှေ့ပိုင်းခရိုင် တရားရုံးသို့ ပြောင်းရွှေ့ စစ်ဆေးပေးရန် တရားလို မော်ဒယ် စူးရှထက်ဘက်မှ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၃ ရက်တွင် ကြားနာခဲ့ကာ ယခုရုံးချိန်း ဖြစ်သည့် သြဂုတ် ၉ ရက် ရုံးချိန်းတွင် ရုံးပြောင်းပေးရန် လျှောက်ထားချက်အား ပယ်ချခဲ့ခြင်း ဖြစ်သည်။

အမှုနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် ရုံးချိန်း ၁၀ ချိန်းကျော် ချိန်းဆို ပြီးစီးပြီဖြစ်ပြီး တရားလို စစ်ဆေးခြင်းမှာမူ မပြီးဆုံးသေးကြောင်း သိရသည်။

ဖမ်းဆီး ခံထားရသည့် အဆိုတော်အစ္စဏီမှာ လက်ရှိတွင် ကျန်းမာရေးအနည်းငယ် ချို့ယွင်းလျက် ရှိကြောင်း သိရပြီး၊ ဆေးကုသမှုများ ခံယူရန် လိုအပ်လျက် ရှိကြောင်း သိရသည်။

အဆိုတော်အစ္စဏီကို တာမွေမြို့နယ် တရားရုံး တွဲဖက်မြို့နယ် တရားသူကြီး (၁) တရားခွင်၌ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆၊ ၃၂၄၊ ၃၂၃ တို့ဖြင့် စွဲဆိုထားသည်။

ယင်းအမှုဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဧပြီ ၁၀ ရက် ညပိုင်းက မော်ဒယ် အမျိုးသမီးသည် သူငယ်ချင်းများနှင့်အတူ ဆယ်လီဘားသို့ ရောက်ရှိနေစဉ် နံနက် ၂ နာရီကျော်ခန့် တွင် ရည်းစားဟောင်းဖြစ်သူ အဆိုတော် အစ္စဏီ (ခ) ဟန်ထွန်းဇော်က ဘားအတွင်းသို့ ဝင်ရောက်ကာ ပြဿနာရှာနေသောကြောင့် စူးရှထက်မှာ ၎င်းနေထိုင်ရာ တိုက်ခန်းသို့ ကားငှားပြန်ခဲ့ကြောင်း၊ ယင်းကားနှင့်အတူ အစ္စဏီကလည်း အတူလိုက်ပါခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် နေအိမ်အရောက်၌ အဆိုတော်အစ္စဏီက စူးရှထက်၏ အင်္ကျီအား အတင်းဆွဲချွတ်သဖြင့် စူးရှထက်က ရုန်းကန်စဉ် ဦးခေါင်းနှင့် မှန်ဗီရို တိုက်မိခဲ့ရာ ဦးခေါင်းနာကျင်ခဲ့သည့်အပြင် ခန္ဓာကိုယ်အား ဖျစ်ညှစ်ခြင်း၊ ယာလက်ညှိုး၊ လက်ခလယ်၊ လက်သည်းခွံများကို လှန်ချိုးခြင်းတို့ ပြုလုပ်သဖြင့် နာကျင်၍ သတိမေ့နေစဉ် သားမယားနှစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ သတိပြန်ရလာစဉ် ပတ်ဝန်းကျင်အား အကူအညီတောင်းရန် ကြိုးစားခဲ့ရာ အစ္စဏီက ဗီရိုမှန်ကွဲစဖြင့် ခြစ်ခဲ့သဖြင့် ယာခြေထောက် ပြတ်ရှဒဏ်ရာ ရခဲ့ကြောင်း၊ ထို့နောက် စူးရှထက်က အိမ်သာ အသုံးပြုမည်ဟု အကြောင်းပြကာ အိမ်သာတံခါး လော့ခ်ချပြီး သူငယ်ချင်းတစ်ဦးထံ ဖုန်းဆက် အကူအညီတောင်းခံခဲ့ရာ နံနက် ၅ နာရီတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ရောက်ရှိလာပြီး ကယ်တင်နိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။