အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းမပေါ်ရှိ ခမ်းပတ်မြို့နယ် နန်စပါတံတားပေါ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက် ဖမ်းမိ

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းမပေါ်ရှိ ခမ်းပတ်မြို့နယ် နန်စပါတံတားပေါ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက် ဖမ်းမိ
Published 9 August 2018

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းပေါ်ရှိ ခမ်းပတ်မြို့နယ် ဘုတ်ကန်ကျေးရွာနှင့် ထင်းဇင်ကျေးရွာအကြား နန်စပါတံတားပေါ်တွင် သြဂုတ် ၇ ရက် ညနေ ၅ နာရီ မိနစ် ၄၀ ခန့်က ကလေးမြို့မှ တမူးမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးရာမှ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းတို့ ဖမ်းဆီးရရှိခဲ့သည်ဟု သိရသည်။

“ဘုတ်ကန်နဲ့ ထင်းဇင်ကြားမှာရှိတဲ့ နန်စပါ တံတားမှာပေါ့။ ရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေစဉ်ပေါ့။ ကလေးမြို့ဖက်ကလာတဲ့ ကားကိုမသင်္ကာလို့ ရှာဖွေစစ်ဆေးလိုက်တော့ လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးဝါးကို ရှာဖွေတွေ့ရှိတာပါ” ဟု တမူးမြို့ မူးယစ်တပ်ဖွဲ့စု (၇) မှ ရဲအုပ်သိန်းတင်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ တမူးမြို့ မူးယစ်တပ်ဖွဲ့စု (၇) တမူးမှ တပ်ဖွဲ့ဝင်များနှင့် ခမ်းပတ်မြို့နယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သြဂုတ် ၇ ရက် ညနေ ၅ နာရီ မိနစ် ၄၀ ခန့်က ခမ်းပတ်မြို့ ဘုတ်ကန်ကျေးရွာနှင့် ထင်းဇင်ကျေးရွာအကြား နန်စပါတံတားအနီးတွင် စောင့်ဆိုင်းနေစဉ် ကလေးမြို့မှ တမူးမြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၉၃၅၃၀ ပြား၊ ဒေသပေါက်ဈေး ကျပ် ၁၈၇၀ ဒသမ ၆ သိန်းအားလည်းကောင်း၊ ICE ခြောက်ထုပ်၊ အလေးချိန် (၅ဒသမ ၅) ကီလိုဂရမ်၊ ဒေသပေါက်ဈေး ကျပ်သိန်း ၁၁၀၀ အားလည်းကောင်း၊ စုစုပေါင်းငွေကျပ် ၂၉၇၀ ဒသမ ၆ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယာဉ်၏ရှေ့ဝဲဘက် တူးဘောက်အတွင်းမှ TA-85 စာတန်းပါ အနက်ရောင် ဖိုက်ဘာသေနတ်ထည့်အိတ်ဖြင့် ထည့်ထားသော 32 S ခြောက်လုံးပြူးသေနတ်တစ်လက်၊ ၎င်းကျည်လေးတောင့်အား သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းတို့နှင့်အတူ တွေ့ရှိသော ကလေးမြို့ ပင်လုံရပ်ကွက်နေ နောင်ရိုးနှင့် ချမ်းမြသာစည်မြို့နယ် မန္တလေးမြို့နေ စိုင်းလောဝ်ထွန်းတို့နှစ်ဦးအား ခမ်းပတ်မြို့နယ်မြေရဲစခန်းတွင် မူးယစ်ပုဒ်မ ၁၉ (က)၊ ၂၂ (ခ)၊ ၂၁ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။