လှိုင်သာယာမြို့နယ်တွင် လုယက်မှု ကျုးလွန်သူအား ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် ဓားဖြင့်ပြန်လည် ခုခံသဖြင့် သေနတ်ဖြင့် ပစ်ခတ်ရာ လုယက်သူသေဆုံး

လှိုင်သာယာမြို့နယ်တွင် လုယက်မှု ကျုးလွန်သူအား ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် ဓားဖြင့်ပြန်လည် ခုခံသဖြင့် သေနတ်ဖြင့် ပစ်ခတ်ရာ လုယက်သူသေဆုံး
Published 29 July 2018

လှိုင်သာယာမြို့နယ်တွင် လုယက်မှုကျူးလွန်သူ အမျိုးသားအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးစဉ် ဓားဖြင့်ပြန်လည် ခုခံသဖြင့် သေနတ်ဖြင့် ပစ်ခတ်ရာ လုယက်သူ သေဆုံးမှု ဇူလိုင် ၂၈ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဇူလိုင် ၂၈ ရက် နံနက် ၁ နာရီခန့်တွင် လှိုင်သာယာမြို့နယ် အတွင်းရှိ စက်မှုဇုန်မှ လုံခြုံရေး ဝန်ထမ်းဖြစ်သူ ဦးနိုင်လင်းသည် အလုပ်မှ နေအိမ်သို့ ပြန်လာစဉ် စက်မှုဇုန်(၂) ဦးရွှေအိုးလမ်းသို့ အရောက်တွင် လူတစ်ဦးက ၎င်း၏လည်ပင်းအား ဓားဖြင့်ထောက်ပြီး ငွေကျပ်နှစ်သောင်းအား လုယက်ပြီး ထွက်ပြေးခဲ့သဖြင့် ဦးနိုင်လင်းက သက်ဆိုင်ရာ ရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့ကြောင်း သိရသည်။

လုယက်မှု ကျူးလွန်သူအား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိရေး ဆောင်ရွက်ရာ စက်မှုဇုန်(၃) ဦးမြဲလမ်းတွင် လုယက်မှု ကျူးလွန်သူအား ဓားကိုင်ဆောင်ထားသဖြင့် ရဲတပ်ဖွဲ့က အသာတကြည် အဖမ်းခံရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ ပြောဆိုခဲ့သော်လည်း လုယက်မှု ကျူးလွန်သူမှာ ကိုင်ဆောင်ထားသည့် အရိုး အသွား ၁၀ လက်မခန့်ရှိဓားဖြင့် ခုခံရန်ပြုသဖြင့် ရဲတပ်ကြပ်တစ်ဦးက MA13 မောင်းပြန်သေနတ်ဖြင့် တားဆီးကာကွယ်ခဲ့ကြောင်း သိရသည်။

ထိုစဉ် လုယက်မှုကျူးလွန်သူမှာ ရဲတပ်ကြပ်ကြီး တစ်ဦးအား ဓားဖြင့်ထိုးခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များအား အသက်အန္တရာယ် ဖြစ်စေရန် ရန်ပြုတိုက်ခိုက်လာသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

လုယက်မှု ကျူးလွန်သူမှာ သေနတ်ဒဏ်ရာ ရရှိသဖြင့် လှိုင်သာယာဆေးရုံသို့ တင်ပို့ကုသစဉ် ဆေးရုံ၌ သေဆုံးသွားခဲ့ပြီး လုယက်မှု ကျူးလွန်သူမှာ ဆန်းလင်းဦး (၂၅ နှစ်) ဖြစ်ကြောင်း သိရသည်။

“ပြစ်မှုကျူးလွန်သူက ၂၀၁၇ ခုနှစ်ထဲမှာ ရန်ကုန်ရဲအက်ဥပဒေနဲ့ ထောင်နှစ်လကျဖူးတယ်။ ပြီးတော့ ၂၀၁၈ ထဲမှာ သီရိမင်္ဂလာဈေးထဲမှာ ဓားကိုင်ဆောင်ပြီး ရမ်းကားလို့ လက်နက်များ အက်ဥပဒေ ၁၉ (င)နဲ့ ထောင်လေးလကျပြီး ပြီးခဲ့တဲ့သုံးရက်ကမှ ထောက်က လွတ်လာတဲ့သူပါ” ဟု မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဓားဖြင့် ထိုးခံရသဖြင့် ရဲတပ်ကြပ်ကြီးမှာ ဝဲလက်ခုံတွင် ဓားဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။