သက်ငယ်မုဒိမ်း တရားခံပြေး ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဖော်ထုတ်ခဲ့သည်ဟုဆိုသူ၏ ညီအား ရာအိမ်မှူး အပါအဝင် ခြောက်ဦးက လူမြင်ကွင်းတွင် မင်းမဲ့စရိုက်ဆန်ဆန် ဓားဖြင့်ဝိုင်းခုတ်သတ်မှု တောင်ဒဂုံမြို့နယ်၌ ဖြစ်ပွား

သက်ငယ်မုဒိမ်း တရားခံပြေး ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဖော်ထုတ်ခဲ့သည်ဟုဆိုသူ၏ ညီအား ရာအိမ်မှူး အပါအဝင် ခြောက်ဦးက လူမြင်ကွင်းတွင် မင်းမဲ့စရိုက်ဆန်ဆန် ဓားဖြင့်ဝိုင်းခုတ်သတ်မှု တောင်ဒဂုံမြို့နယ်၌ ဖြစ်ပွား
Published 15 July 2018

သေဆုံးသူ သက်ဝေထူးအား ဓားဖြင့် ဝိုင်းခုတ်ခဲ့သည့် နေရာအား တွေ့ရစဉ် (ပုံကြီး)နှင့် သေဆုံးသူ သက်ဝေထူး (ပုံသေး) (ဓာတ်ပုံ - အောင်မျိုးသန့်)

သက်ငယ်မုဒိမ်း တရားခံပြေးရပ်ကွက် အုပ်ချုပ်ရေးမှူး၏ အကြောင်းကို ဖော်ထုတ်ခဲ့သူ၏ညီအား ရာအိမ်မှူး အပါအဝင် ခြောက်ဦးက လူမြင်ကွင်း၌ မင်းမဲ့စရိုက်ဆန်ဆန် ဓားဖြင့်ဝိုင်းခုတ်မှု ဒဂုံတောင်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၃ ရက် ည ၉ နာရီကျော်ခန့်တွင် ဒဂုံတောင်မြို့နယ် ၁၄၀ ရပ်ကွက် ရတနာ မေတ္တာလမ်းနေ သက်ဝေထူး (၃၆ နှစ်) အား အဆိုပါ ရပ်ကွက်အတွင်းရှိ ရာအိမ်မှူးနှင့် ၎င်း၏ဆွေမျိုးများက ဓားဖြင့်ဝိုင်းခုတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် မိသားစုဝင်များက ပြောကြားသည်။

“ကျွန်တော် စသိတာက ကျွန်တော့်ဆီကို ဖုန်းလာတယ်။ မင်းညီပြဿနာ တက်နေပြီ။ လာရှင်းပေးပါဦး။ မင်းညီအန္တရာယ်များတယ်။ ဟိုဘက်က ဓားတွေနဲ့။ ကျွန်တော်လိုက်သွားတော့ သူတို့လမ်းနား ရောက်ခါနီးမှာ ရုတ်ရုတ်အသံတွေ ကြားရတယ်။ ဘာလဲဆိုတော့ လုပ်မယ့်လုပ်၊ သေအောင်သာ သတ်လိုက်တော့၊ အပြတ်ရှင်း။ ပြီးရင် အဲဒီကောင်အစ်ကို ဇော်ဇော်အောင်ကိုပါ သွားသတ်မယ်။ နိုင်ငံရေးယောင်ယောင် ဘာယောင်ယောင်နဲ့ သူ့အစ်ကိုကိုပါ သွားသတ်မယ်ဆိုပြီး ပြောနေတဲ့ အသံတွေ ကျွန်တော်ကြားရတယ်။ ပြီးတော့ အဲဒီကောင်ကိုသတ်။ ကရင်အမှုကို ဖော်ထုတ်ခဲ့တာ သူ့အစ်ကိုဆိုပြီး ပြောတယ်။ ကရင်ဆိုတာ ကျွန်တော်တို့ ရပ်ကွက်က အုပ်ချုပ်ရေးမှူး အဟောင်းပါ။ မုဒိမ်းမှုနဲ့ ထွက်ပြေးနေတာ။ ... သတ်တဲ့ထဲမှာ ရာအိမ်မှူး နိုင်ဝင်းဆိုတဲ့သူပါတယ်။ ကျန်တာက သူ့အမျိုးတွေပါ။ ခြောက်ယောက်မှာ ငါးယောက်ကို ရဲက ဖမ်းမိထားတယ်။ တစ်ယောက်က အခင်းဖြစ်ပွားပြီး မနက်ကတောင် နာရေးအိမ်ရှေ့မှာ ဖြတ်သွား ဖြတ်လာတွေ ရှိနေတယ်” ဟု သေဆုံးသူ သက်ဝေထူး၏အစ်ကို ကိုဇော်ဇော်အောင်က ပြောကြားသည်။

အဆိုပါ ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးဟောင်း ကရင်(ခ) ရန်နိုင်စိုး (ခ) FRC ဆိုသူမှာ သက်ငယ်မုဒိမ်းမှုဖြင့် ရဲတပ်ဖွဲ့က အလိုရှိကြောင်း ထုတ်ပြန်ကြေညာထားခြင်း ခံထားရသူဖြစ်ပြီး လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။

ယင်းအမှုကို ဖော်ထုတ်ခဲ့သူအား သတ်ရန် ကြံစည်ခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် ညီဖြစ်သူအား ဓားဖြင့် ဝိုင်းခုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ညီဖြစ်သူကို ဓားဖြင့် ဝိုင်းခုတ်ခဲ့သူများအနက် တစ်ဦးမှာ ဖမ်းဆီးခံရခြင်း မရှိသေးကြောင်း ကိုဇော်ဇော်အောင်က ဆက်လက်ပြောကြားသည်။

ကျန်ရှိနေသူတစ်ဦးမှာ ရပ်ကွက်အတွင်း သွားလာလျက်ရှိခြင်းကြောင့် မြို့နယ်ရဲစခန်းမှ စခန်းမှူးနှင့် မြို့နယ်မှူးတို့အား ဖုန်းဆက် အကြောင်းကြားသော်လည်း ပထမအကြိမ်တွင်သာ ဖုန်းကိုင်ပြီး နောက်ပိုင်း၌ ဖုန်းကိုင်ခြင်း မရှိတော့ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

ယောကျ်ားဖြစ်သူ ဓားဖြင့်အခုတ်ခံရသည့် အချိန်တွင် မလုပ်ရန် တောင်းပန်ခဲ့ကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားချိန်တွင် အရက်သေစာ သောက်စားထားကြောင်း သက်ဝေထူး၏ဇနီး ဒေါ်သန္တာဝင်းက ပြောကြားသည်။

“ကျွန်မယောကျ်ားကမူးပြီး ရာအိမ်မှူး ဦးနိုင်ဝင်းကို မိုက်လား၊ မိုက်ရင်ထွက်ခဲ့ဆိုပြီး စိန်ခေါ်တယ်။ သူက မူးရင်ပေါက်ကရတွေ ပြောတတ်တယ်။ သူ့အကျင့်ကိုလည်း တစ်ရပ်ကွက်လုံး သိတယ်။ ဖြစ်တဲ့အချိန်မှာက ဦးနိုင်ဝင်းတို့က သူ့အိမ်မှာ သူ့အမျိုးတွေနဲ့ အရက်သောက်နေကြတာ။ ကျွန်မယောကျ်ားက အဲဒီလိုပြောပြီး အိမ်ကိုပြန်လာတယ်။ ပြန်လာတော့ သူ့နောက်ကနေ ဦးနိုင်ဝင်းနဲ့ သူ့ဆွေမျိုးတွေက ဓားတွေကိုင်ပြီး ပြေးလိုက်လာတယ်။ အဲဒီတော့ ကျွန်မက ရာအိမ်မှူးဆိုတဲ့ ဦးနိုင်ဝင်းကို တောင်းပန်တယ်။ မလုပ်ပါနဲ့ ကျွန်မကန်တော့ဆိုလည်း ကန်တော့ပါ့မယ် တောင်းပန်နေရင်းကြားက ကျွန်မယောကျ်ားကို  အောင်ထက်ပိုင်ဆိုတဲ့ ကောင်လေးက ခဲနဲ့လှမ်းပေါက်တယ်။ အဲဒီလိုပေါက်တော့ ကျွန်မက ယောကျ်ားကို အထဲကို ဆွဲခေါ်တယ်။ ကျွန်မယောကျ်ားကလည်း မူးနေတော့ ဆွဲလို့မရဘူး။ အပြင်ကို ပြန်ထွက်တယ်။ ပြန်ထွက်တော့ သူတို့က ဓားနဲ့ဝိုင်းခုတ်လို့ ကျွန်မယောကျ်ားက ဒဏ်ရာတွေနဲ့ အိမ်ရှေ့မှာ မှောက်လျက်လေး သေသွားခဲ့တယ်” ဟု သေဆုံးသူ သက်ဝေထူး (၃၆ နှစ်) ၏ဇနီး ဒေါ်သန္တာဝင်းက ဆိုသည်။

မှုခင်းဖြစ်ပွားခဲ့သည့် နေရာမှာ လမ်းကြိုလမ်းကြားဖြစ်ပြီး လမ်းအတွင်းပိုင်းဖြစ်ကာ လူသွားလူလာလည်း နည်းပါးကြောင်း သိရသည်။

သက်ဝေထူး(၃၆ နှစ်) အား ဓားဖြင့် ဝိုင်းခုတ်သည့်အချိန်တွင် ဘေးပတ်ဝန်းကျင်၌ အမျိုးသမီး အများစုသာ ရှိနေပြီး ဝိုင်းဝန်းအော်ဟစ် တားမြစ်ခဲ့သော်လည်း ၎င်းတို့အဖွဲ့မှာ “အခြောက်ကြီးက တော်တော် အာကျယ်နေတယ်။ အခြောက်ကြီးဆိုတာ (သေဆုံးသူရဲ့ အစ်ကို) ကို ပြောတယ်။ သူဘယ်လောက် အာဏာရှိလဲဆိုတာ ကြည့်မယ်။ သူ့ညီကို သတ်ပြီးပြီ။ သူ့အစ်ကိုကိုပါ ထပ်သတ်ရမယ်။ လုပ်ကြဆိုပြီး” အော်ဟစ်သွားခဲ့ကြောင်း ဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ဓားဖြင့် ဝိုင်းခုတ်ခံရသဖြင့် သက်ဝေထူးမှာ ဦးခေါင်း၊ ခါးယာဘက်ခြမ်း၊ ယာပေါင်ရင်း၊ နောက်ကျောဝဲဘက်၊ ယာတင်ပါးအပေါ်တို့တွင် ဒဏ်ရာများရရှိကာ သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲမှတ်တမ်းတွင် သေဆုံးသူ သက်ဝေထူးမှာ အရက်မူးပြီး ရမ်းကားနေသည်ကို ရာအိမ်မှူးဖြစ်သူ ဦးနိုင်ဝင်းက ထိန်းသိမ်းတားဆီးစဉ် ဦးနိုင်ဝင်းအား သက်ဝေထူးက ပေါက်တူးဖြင့် လိုက်ခုတ်ခဲ့ကြောင်း၊ ထိုသို့ ခုတ်သဖြင့် ဦးနိုင်ဝင်းနှင့် မိသားစုက တုတ်၊ ဓားတို့ဖြင့် ပြန်လည်ခုခံရာမှ  သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ဓားဖြင့် ဝိုင်းခုတ်သတ်ခဲ့သူ ခြောက်ဦးအနက် ငါးဦးအား ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားပြီး ညပိုင်း၌ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အမှုနှင့် ပတ်သက်ပြီး ဒဂုံတောင်ရဲစခန်းသို့ သွားရောက်မေးမြန်းခဲ့ရာ အမှုဖွင့်ထားသည့် ပုဒ်မနှင့် ဖမ်းဆီးထားသူ ငါးဦးရှိကြောင်းကိုသာ ပြန်လည်ဖြေကြားခဲ့ပြီး အခြားအချက်များကို မေးမြန်းမည် ဆိုပါက စခန်းမှူး မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဖမ်းဆီးထားသူများမှာ နိုင်ဝင်း (၄၃ နှစ်)၊ အောင်စိုး (၄၀ နှစ်)၊ သန်းနိုင်ဦး( ၁၉ နှစ်)၊ နေလင်း (၁၆ နှစ်)၊ ချစ်လှ (၆၀ နှစ်) တို့ဖြစ်ပြီး အောင်သက်ပိုင်ဆိုသူ လွတ်မြောက်နေခြင်း ဖြစ်သည်။

သန်းနိုင်ဦး (၁၉ နှစ်) နှင့် နေလင်း (၁၆ နှစ်) တို့မှာ နိုင်ဝင်း (၄၃ နှစ်) ၏ သားများဖြစ်ပြီး ချစ်လှ (၆၀ နှစ်) မှာ နိုင်ဝင်းနှင့် ယောက်ဖတော်စပ်ကြောင်း၊ အောင်စိုး (၄၀ နှစ်) မှာ ဦးချစ်လှ၏သားဖြစ်ပြီး လွတ်မြောက်နေသူ အောင်သက်ပိုင်မှာ မြေးဖြစ်ကြောင်း သေဆုံးသူ၏ အစ်ကိုဖြစ်သူ ကိုဇော်ဇော်အောင်၏ ပြောကြားချက်အရ သိရသည်။

သေဆုံးသူ သက်ဝေထူးအား ဓားဖြင့် ဝိုင်းခုတ်သတ်ရာတွင် ပါဝင်သည့် နိုင်ဝင်းဆိုသူမှာ အဆိုပါ ရပ်ကွက်အတွင်းတွင် ရာအိမ်မှူးအဖြစ် တာဝန်ထမ်းဆောင် နေသည်မှာ တစ်နှစ်ခွဲကျော်ခန့် ရှိပြီဖြစ်ကြောင်း၊ ယင်းရပ်ကွက်တွင် နေထိုင်သူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။

အဆိုပါ ဖြစ်စဉ်အား ဒဂုံတောင်မြို့မ ရဲစခန်းက (ပ)၁၃၁၈/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 

Most Read