တောင်ငူခရိုင် တောင်ငူမြို့နယ်နှင့် ရေတာရှည်မြို့နယ်တွင် နှစ်ရက်အတွင်း လူသတ်မှု သုံးကြိမ်ဖြစ်ပွား

တောင်ငူခရိုင် တောင်ငူမြို့နယ်နှင့် ရေတာရှည်မြို့နယ်တွင် နှစ်ရက်အတွင်း လူသတ်မှု သုံးကြိမ်ဖြစ်ပွား
Published 20 June 2018

ရေတာရှည်မြို့နယ် မယ်ဇလီတဲစုတွင် လူသတ်မှု ဖြစ်ပွားခဲ့သည့် နေအိမ်အား ဇွန် ၁၈ ရက် ညနေပိုင်းကတွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့ တွင် ဇွန် ၁၇၊ ၁၈ ရက်များတွင် လူသတ်မှုများ ဖြစ်ပွားခဲ့ရာ ဇွန် ၁၇ ရက်တွင် တောင်ငူမြို့နယ် အတွင်း၌ လူသတ်မှု နှစ်ကြိမ်၊ ဇွန် ၁၈ ရက်တွင် ရေတာရှည်မြို့နယ်တွင် တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ရက်အတွင်း လူသတ်မှု သုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်များမှာ ဇွန် ၁၇ ရက် နေ့လည် ၁၂ နာရီခန့်က တောင်ငူမြို့နယ် ဇီးကုန်းကျေးရွာအုပ်စု၊ ကရင်ရွာကြီးတွင် ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများက ရေလယ်ခုံကျေးရွာနေ ဇော်နိုင်ထွန်း ၃၁ နှစ်အား ပဲကြီးခုံရွာပြင်တွင် ဥယျာဉ်မစိုက်ရန် တားမြစ်သည့်ကိစ္စအား ဇော်နိုင်ထွန်းက မကျေမနပ်ဖြစ်ကာ ပဲကြီးခုံကျေးရွာ ရာအိမ်မှူး ဦးအုန်းလွင် ၅၆ နှစ်အား အရိုးအသွား ၁၈ လက်မခန့်ရှိသည့် ဓားဦးချွန် ဓားမြှောင်ဖြင့် ခုနစ်ချက်ခန့်ထိုးခဲ့ပြီး ရာအိမ်မှူး ဦးအုန်းလွင်မှာ ရင်ညွန့်အထက် ထိုးသွင်းဒဏ်ရာ လေးချက်၊ ရင်ဘတ်ပြတ်ရှ ဒဏ်ရာ တစ်ချက်၊ ဝဲနံကြား ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ဝဲလက်ဖျံထိုးသွင်း ဒဏ်ရာတစ်ချက်၊ ပြတ်ရှ ဒဏ်ရာတစ်ချက်တို့ရရှိကာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ ဆက်လက်ပြီး ဇွန် ၁၇ရက် ည ၇ နာရီခွဲခန့်ကလည်း တောင်ငူမြို့ ၁၉ ရပ်ကွက် နယ်မြေ ၁၁၊ ဒေါနလမ်းတွင် တစ်ရပ်ကွက်တည်း အတူနေသူ ငယ်ချင်းဖြစ်သူ အာနိုး (ခ) သန့်ဇင်ဦး ၂၆ နှစ်နှင့် စံဝင်း ၃၁ နှစ်တို့မှာ အရက်မူးပြီး စကားများ ရန်ဖြစ်ကြရာမှ အာနိုးက စံဝင်းအား နေအိမ်မှ ယူဆောင်လာသော အရှည်နှစ်ပေခန့်၊ လုံးပတ် သုံးလက်မခွဲခန့်ရှိ အဆစ်ချိုးသံတုတ်ဖြင့် ရိုက်ခဲ့ရာ စံလင်းတွင် ဝဲမျက်လုံးဖူးရောင် ပေါက်ပြဲဒဏ်ရာ၊ နဖူးအောက် နှာခေါင်းရင်း ကန်လန့်ဖြတ်ချိုင့်ဝင် ဒဏ်ရာတို့ရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရာအိမ်မှူး ဦးအုန်းလွင် သေဆုံးမှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ ဇော်နိုင်ထွန်းအား တောင်ငူမြို့ အမှတ် (၂) နယ်မြေရဲစခန်းမှ (ပ) ၅၁၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့် ဆောင်ရွက်ထားပြီး ဇော်နိုင်ထွန်းမှာ ထွက်ပြေးတိမ်းရှောင် လျက်ရှိကြောင်း၊ ၁၉ ရပ်ကွက်နေ စံဝင်းသေဆုံးမှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ အာနိုး (ခ) သန့်ဇင်ဦးအား တောင်ငူမြို့မ အမှတ် (၁) ရဲစခန်းမှ (ပ) ၅၃၉/၂၀၁၈၊ ပြစ်မှု ပုဒ်မ ၃၀၂ အရလည်းကောင်း အမှုဖွင့် ဆောင်ရွက်ထားပြီး ပြစ်မှုကျူးလွန်သူ အာနိုး (ခ)သန့်ဇင်ဦးအား ဖမ်းဆီးရမိထားသည်။

ထို့အတူ ဇွန် ၁၈ ရက် မွန်းလွဲပိုင်းကလည်း ရေတာရှည်မြို့နယ် ပိတောက်ခင်ကျေးရွာအုပ်စု၊ မယ်ဇလီတဲစုတွင် ညီမဖြစ်သူ လင်မယားချင်း ရန်ဖြစ်နေသည်ကို အစ်ကိုဖြစ်သူက ဒေါသဖြစ်ကာ ယောက်ဖဖြစ်သူအား ဓားမဖြင့် ဝင်ခုတ်ရာမှ လူသေဆုံးမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲ၌ ရေတာရှည်မြို့နယ် မယ်ဇလီတဲစုနေ မချို ၄၀ နှစ် (ဘ) ဦးခွေးသည် သူမ၏ ခင်ပွန်းဖြစ်သူ ဖိုးထွန်း ၄၀ နှစ် (ဘ) ဦးလှမောင်နှင့် တဲအတွင်း၌ စကားများ ရန်ဖြစ်ခဲ့ကြကြောင်း၊ ရန်ဖြစ်စဉ် ဖိုးထွန်းမှ မချိုအား ဓားဖြင့်ခုတ်မည်ပြုရာ မချိုမှ ဓားအားပြန်လုပြီး ဖိုးထွန်းအား တဲပေါ်သို့ တွန်းပို့ခဲ့ကြောင်း၊ တဲပေါ်၌ လင်မယားနှစ်ဦး လုံးထွေးရန်ဖြစ်နေသည်ကို မချို၏ အစ်ကိုရင်းဖြစ်သူ မြတ်ထွန်း ၄၃ နှစ်က တွေ့မြင်ကာ ဓားကိုင်၍ ပြေးလာခဲ့ကြောင်း၊ အစ်ကိုဖြစ်သူ ဓားကိုင်ပြီး ပြေးလာသည်ကို မချိုမှ မြင်တွေ့၍ အစ်ကိုဖြစ်သူအား တားဆီးခဲ့သော်လည်း မြတ်ထွန်းမှ ယောက်ဖဖြစ်သူ ဖိုးထွန်းအား အသင့်ပါလာသော ဓားမဖြင့် ခုတ်သဖြင့် ဖိုးထွန်းမှာ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း ရေတာရှည်မြို့မရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ရေတာရှည်မြို့မ ရဲစခန်းမှ (ပ)၁၇၇/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂  အရ အမှုဖွင့် အရေးယူ ဖမ်းဆီးထားကြောင်း သိရသည်။

 

Most Read

Most Recent