အိမ်အကူကလေးငယ် နှစ်ဦးအား နှိပ်စက်မှုဖြင့် အောင်မင်္ဂလာ အဝေးပြေးဝင်းရှိ စတိုးဆိုင်ပိုင်ရှင်ကို တရားစွဲဆိုထားသည်မှာ တစ်နှစ်ကျော်ကြာပြီ ဖြစ်သော်လည်း တရားလိုအား စစ်ဆေးမှု မပြီးသေး

အိမ်အကူကလေးငယ် နှစ်ဦးအား နှိပ်စက်မှုဖြင့် အောင်မင်္ဂလာ အဝေးပြေးဝင်းရှိ စတိုးဆိုင်ပိုင်ရှင်ကို တရားစွဲဆိုထားသည်မှာ တစ်နှစ်ကျော်ကြာပြီ ဖြစ်သော်လည်း တရားလိုအား စစ်ဆေးမှု မပြီးသေး
Published 5 May 2018

အိမ်အကူကလေးငယ် နှစ်ဦးအား နှိပ်စက်မှုဖြင့် အောင်မင်္ဂလာ အဝေးပြေးဝင်းရှိ ဆွေညီနောင် စတိုးဆိုင် ပိုင်ရှင်ကို တရားစွဲဆို ထားသည်မှာ တစ်နှစ်ကျော်ကြာပြီ ဖြစ်သော်လည်း တရားလို စစ်ဆေးမှု မပြီးသေးကြောင်း မင်္ဂလာဒုံမြို့နယ် တရားရုံးမှ သိရသည်။

အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း မုံရွာလမ်းရှိ ဆွေညီနောင် စတိုးဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်ဖြူဖြူထွန်း (ခ) ဒေါ်ငယ်ကို အိမ်အကူကလေးငယ် နှစ်ဦးအား နှိပ်စက်မှုဖြင့် မင်္ဂလာဒုံမြို့နယ် တရားရုံး၌ ရာဇသတ်ကြီးပုဒ်မ ၃၂၄၊ ၃၂၅ ဖြင့် ဒုရဲအုပ် ဟန်ကိုဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားသည့် အပြင်လူမှု ဝန်ထမ်းဦးစီးဌာနကလည်း ကလေးသူငယ် ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆို ထားခြင်းဖြစ်သည်။

အဆိုပါ အမှုသည် ၂၀၁၇ ခုနှစ်  ဧပြီက စတင်တရားစွဲဆိုထားခြင်း ဖြစ်သော်လည်း လက်ရှိအချိန်တွင် ရာဇသတ်ကြီးပုဒ်မအတွက် တရားလို ၁၇ ဦးအနက် ကိုးဦးနှင့် ကလေးသူငယ် ဥပဒေပုဒ်မ ၆၆ (ဃ) အတွက် တရားလို ရှစ်ဦးအနက် သုံးဦးသာ စစ်ဆေးမှု ပြုလုပ်ရသေးကြောင်း မင်္ဂလာဒုံမြို့နယ် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အမှုဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း မုံရွာလမ်းရှိ ဆွေညီနောင် စတိုးဆိုင်တွင် အလုပ်သမားအဖြစ် လုပ်ကိုင်နေသည့် ကလေးငယ်နှစ်ဦးကို ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်ဖြူဖြူထွန်း (ခ) ဒေါ်ငယ်က ညှဉ်းပန်းနှိပ်စက်ထားကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် အဖွဲ့အစည်းအချို့က ၂၀၁၇ ခုနှစ် မတ် ၁၃ ရက် နံနက် ၃ နာရီခွဲခန့်တွင် သွားရောက် စစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိအချိန်တွင် အဆိုပါ အမှုအတွက် လာမည့်ရုံးချိန်းကို မေ ၉ ရက်သို့ ပြန်လည် ချိန်းဆိုထားကြောင်း သိရပြီး အဆိုပါ ရုံးချိန်းသည် (၂၇) ကြိမ်မြောက် ရုံးချိန်းဖြစ်ကာ တရားစွဲခံထားရသူ ဒေါ်ဖြူဖြူထွန်း (ခ) ဒေါ်ငယ်သည် အာမခံဖြင့် တရားရင်ဆိုင်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent