ပဲခူးမြို့တွင် တစ်နေ့တည်း လူသတ်မှုနှစ်ကြိမ် ဖြစ်ပွား

ပဲခူးမြို့တွင် တစ်နေ့တည်း လူသတ်မှုနှစ်ကြိမ် ဖြစ်ပွား
Published 7 April 2018

ပဲခူးမြို့အတွင်း ဧပြီ ၆ ရက်က ပဲခူးမြို့ အမှတ်(၂) ရဲစန်းအပိုင် နယ်မြေအတွင်း လူသတ်မှုတစ်ကြိမ်နှင့် ပဲခူးမြို့အမှတ် (၃) ရဲ စခန်းအပိုင် နယ်မြေတို့တွင် လူသတ်မှုတစ်ကြိမ် ဖြစ်ခဲ့၍ ပဲခူးမြို့တွင် တစ်ရက်အတွင်း လူသတ်မှုနှစ်ကြိမ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၆ ရက် နံနက် ၆ နာရီခန့် က မဇင်းရပ်ကွက် ရွှေဂူလေးဘုရားလမ်း အိမ်အမှတ် (၆၅၀) ရှိ ဒေါ်ခင်ဖြူဖြူရှိန် နေထိုင်သော မီးသွေးဒိုင်သို့ ယာဉ်မောင်းလင်းထက် ဆိုသူမှာ မီးသွေးများ တင်ဆောင်လာသောကားဖြင့် ရောက်ရှိလာစဉ် ခေါ်ခင်ဖြူဖြူရှိန်အား ဖုန်းဆက်ခေါ်ရာ ဖုန်းဝင်သော်လည်း ဖုန်းမကိုင်၍ ခြံစည်းရိုးကိုကျော်ပြီး ခြံထဲသို့ ဝင်ရောက်ခဲ့ကြောင်း၊ ခြံထဲသို့ ရောက်ရှိသောအခါ အိမ်တံခါးမကြီးနှင့် ခြေရင်းပြတင်းတံခါးတို့မှာ ပွင့်နေပြီး ခေါင်းရင်းဘက် ဦးခေါင်းပြု၍ ယာဘက်သို့ စောင်းလျက် သွေးအိုင်ထဲတွင် လဲနေသော ဒေါ်ခင်ဖြူဖြူရှိန်ကို တွေ့ရှိခဲ့သည်။

ထို့နောက် မဇင်းရပ်ကွက် ရွှေသာလျောင်းလမ်းတွင် နေထိုင်သော ဒေါ်ခင်ဖြူဖြူရှိန်၏ ခင်ပွန်းဖြစ်သူ ဦးဝင်းအောင်ဆိုသူအား ဖုန်းဆက်အကြောင်းကြားပြီး ဦးဝင်းအောင်က အမှတ် (၂) ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားခဲ့သည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရာ ဒေါ်ခင်ဖြူဖြူရှိန်၏ လည်ပင်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာနဖူး ဖူးရောင်ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

“သူတို့ လင်မယားက နေ့ခင်းမီးသွေးဒိုင် အိမ်မှာနေပြီး ညဘက်ကျတော့ တစ်အိမ်စီမှာ အိပ်ကြတာ။ အခုသေဆုံးတဲ့သူနဲ့ ကျွန်တော်တို့က သူငယ်ချင်းတွေ ည ၉ နာရီ လောက်က ဂျပန်က သူ့သမီးဆီ ဖုန်းဆက်သေးတယ်။ ည ၉ နာရီနောက်ပိုင်းမှာ ဖြစ်တာလို့ ယူဆရပါတယ်။ ငွေက ၁၇ သိန်းလောက် ပါသွားတယ်။ ဖုန်းတွေဘာတွေ ယူမသွားဘူး။ စခန်းမှူးရော၊ ကျွန်တော်တို့ရော သုံးသပ်ထားတာတော့ အသိထဲက ဖြစ်ဖို့များတယ်။ ဝင်ကတည်းက လွယ်လွယ်ကူကူနဲ့ ဖွင့်ပေးလို့ ဝင်သွားတဲ့ပုံ ရုန်းရင်းဆန်ခတ်မှုတွေ မတွေ့ရဘူး” ဟု မဇင်းရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ခင်ပွန်းဖြစ်သူ ဦးဝင်းအောင်က အမှုဖွင့်၍ ပဲခူးမြို့ အမှတ်(၂) ရဲစခန်းတွင် (ပ) ၃၃၂/၂၀၁၈ ရာဇ သတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး တရားခံ ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင် ဧပြီ ၆ ရက်နံနက်ပိုင်းက အမှတ် (၃) စခန်းအပိုင် ဟံသာဝတီ လေယာဉ်ကွင်း အတွင်း၌လည်း လူသတ်ပြီး မီးရှို့ခံရသော အမျိုးသမီး အလောင်းအား တွေ့ရှိခဲ့သည်။

ထိုဖြစ်စဉ်မှာ ဧပြီ ၆ ရက်နံနက် ၆ နာ ရီခန့်က ဥဿာမြို့သစ်ရပ်ကွက်ကြီး (၈) တွင် နေထိုင်သော ဝါးမရမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချစ်ရွှေ (ခ) ဦးဝက်ကြီးထံသို့ ဝါးမရမ်းရွာသား စောလွမ်းချိုဆိုသူက ဝါးမရမ်းကျေးရွာအုပ်စု ဟံသာဝတီ လေယာဉ်ကွင်း စီမံကိန်းနယ်မြေ လေယာဉ်ပြေးလမ်း ဖောက်လုပ်ရန် သတ်မှတ်ထားသည့် မလေးရှားပိတောက်ပင်အနီး လေယာဉ်ပြေးလမ်းပေါ်တွင် အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း ဖုန်းဆက်အကြောင်းကြားခဲ့သည်။

ထို့နောက် ဦးချစ်ရွှေမှာ ရာအိမ်မှူး ဆယ်အိမ်မှူးများနှင့်အတူ သွားရောက်ကြည့်ရှုပြီး အမှတ် (၃) ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ရာ ပဲခူးမြို့အမှတ် (၃) စခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်နိုင်မြင့်နှင့်အဖွဲ့ သွားရောက်စစ်ဆေးရာ အမည်မသိ အမျိုးသမီးတွင် ဝဲဘက်နို့အုံအောက် ထိုးသွင်းဒဏ်ရာ လေးချက်၊ ယာဘက် နို့အုံအောက် ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ကျောလယ်ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာပေါင်ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲပေါင်ထိုးသွင်းဒဏ်ရာ တစ်ချက်၊ လည်ပင်း မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

“ကျွန်တော်တို့ ပဲခူးဘုရားပွဲမှာလည်း လုံခြုံရေးအင်အားတွေ သုံးထားတော့ လုံခြုံရေးအင်အား အခက်အခဲတွေလည်း ရှိနေပါတယ်။ လေယာဉ်ကွင်းက အမျိုးသမီးကတော့ သတ်ပြီးမှ မျက်နှာမမှတ်မိအောင် မီးတင်ရှို့ထားတဲ့ သဘောရှိတယ်။ ဒါကို မျက်နှာပေါ်က ပြာတွေဖယ်ပြီး သေဆုံးသူကို နီးစပ်ရာ သိရှိအောင် မျက်နှာကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ် တင်ပေးထားတယ်။ သေဆုံးသူလည်း ဘယ်သူဆိုတာ မသိရသေးဘူး။ တရားခံလည်း မမိသေးဘူး” ဟု တာဝန်ရှိ ရဲမှူးတစ်ဦးက ပြောကြားသည်။

အဆိုပါ လူသတ်မီးရှို့မှုနှင့် ပတ်သက်၍ အမှတ် (၃) ရဲစခန်းတွင် ( ပ) ၃၆၀/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။