ကျပ်သိန်းပေါင်းတစ်သောင်းကျော်ဖြင့် မြေကွက်အား လိမ်လည်ရောင်းချသည်ဟုဆိုသော အမျိုးသမီးတစ်ဦးအား သုဝဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့်

ကျပ်သိန်းပေါင်းတစ်သောင်းကျော်ဖြင့် မြေကွက်အား လိမ်လည်ရောင်းချသည်ဟုဆိုသော အမျိုးသမီးတစ်ဦးအား သုဝဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့်
Published 6 March 2018

ကျပ်သိန်းပေါင်း တစ်သောင်းကျော်ဖြင့် မြေကွက်အား လိမ်လည်ရောင်းချခဲ့သည်ဟုဆိုသော အမျိုးသမီးတစ်ဦးအား သက်ဆိုင်ရာ သုဝဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားပြီ ဖြစ်ကြောင်း မတ် ၅ ရက်က အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

လိမ်လည်ခဲ့သည်ဟုဆိုသည့် အမျိုးသမီးမှာ သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေး ရပ်ကွက်တွင်နေထိုင်သည့် ဒေါ်သူဇာမြင့်ထွန်းဆိုသူဖြစ်ပြီး ၎င်းသည် ခင်မင်ရင်းနှီးသူတစ်ဦးဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ်နေ ဒေါ်......(၅၄ နှစ်) အား ဖေဖော်ဝါရီလအတွင်းက ၎င်းအမည်ပေါက် ပိုင်ဆိုင်သည်ဟုဆိုသော ရန်ကင်းမြို့နယ် (၃) ရပ်ကွက်ရှိ အလျား ၁၀ ပေ၊ အနံ ပေ ၁၁၀ ကျယ်ဝန်းသည့် နှစ် ၆၀ မြေငှားဂရန် မြေကွက်နှင့် နေအိမ်အဆောက်အအုံတို့ကို ရောင်းချလိုသည်ဟု ပြောဆိုသဖြင့် ဒေါ်..... (၅၄ နှစ်) က သွားရောက်ကြည့်ရှုခဲ့ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။

ထိုသို့ သွားရောက်ကြည့်ရှုရာ အဆိုပါ မြေကွက်အား ဒေါ်.....(၅၄ နှစ်) က ကြိုက်နှစ်သက်သဖြင့် ယင်းနေ့တွင် ကျပ်သိန်း ၁၄,၀၀၀ ဖြင့် ဈေးတည့်ခဲ့ကြောင်း၊ ထို့နောက် နှစ်ဦးသဘောတူ အိမ်နှင့်မြေတို့အား ရောင်းဝယ် ကတိပြုစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ကျပ်သိန်း ၁၃,၀၀၀ အား လက်ရောက်ပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရှိသည့် ကျပ်သိန်း ၁၀၀၀ ကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ပေးချေမည်ဟုပြောဆိုခဲ့ကြောင်း ဒေါ်.....(၅၄ နှစ်) ၏ အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။

ထို့နောက် ဒေါ်သူဇာမြင့်ထွန်းဆိုသူက မြေနှင့် အိမ်တို့၏ စာရွက်စာတမ်း အထောက်အထား မိတ္တူတို့အား ဒေါ်......(၅၄ နှစ်) ထံ ပေးအပ်ခဲ့ကြောင်း၊ ထို့နောက် ဒေါ်..... (၅၄  နှစ်) က ပေးအပ်ရန်ကျန်ရှိသည့် ကျပ်သိန်း ၁၀၀၀ ကိုပေးချေရန်အတွက် ဒေါ်သူဇာမြင့် ထွန်းဆိုသူထံသို့ ဖုန်းဆက်သွယ်အကြောင်း ကြားခဲ့ရာ ဖုန်းမှာ စက်ပိတ်ထားသဖြင့် ဒေါ်..... (၅၄ နှစ်) က မြေနှင့်အိမ်တို့၏ စာရွက်စာတမ်း မိတ္တူအထောက်အထားများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ သွားရောက်စုံစမ်းမေးမြန်းခဲ့ရာ စာရွက်စာတမ်းများမှာ အတုများဖြစ်နေသည်ကိုတွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာရဲစခန်းတွင် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား သုဝဏ္ဍနယ်မြေ ရဲစခန်းက (ပ) ၉၄/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။