Suzuki Carry ယာဉ်မောင်းအား မင်းမဲ့စရိုက်ဆန်စွာ အုပ်စုဖွဲ့ ဝိုင်းဝန်းထိုးကြိတ်သူများကို ဖမ်းဆီးရမိ

Suzuki Carry ယာဉ်မောင်းအား မင်းမဲ့စရိုက်ဆန်စွာ အုပ်စုဖွဲ့ ဝိုင်းဝန်းထိုးကြိတ်သူများကို ဖမ်းဆီးရမိ
Published 6 February 2018

ဓာတ်ပုံ - Yangon Police

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် လမ်းဆုံတွင် ဖေဖော်ဝါရီ ၅ ရက်နေ့က 9G/---- Suzuki Carry အဖြူရောင်ယာဉ် မောင်းအား အုပ်စုဖွဲ့ မင်းမဲ့စရိုက်ဆန်ဆန် ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခဲ့သူများအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က (၃)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၅ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ မြောက်ပိုင်းရပ်ကွက်နေ ဦး------သည် ဇနီးဖြစ်သူနှင့်အတူ ၎င်းပိုင်သည့် 9G/------ Suzuki Carry အဖြူရောင်ယာဉ်အား ကုန်ပစ္စည်းများ တင်ဆောင်၍ သိမ်ကြီးဈေးမှ ဈေးဝယ်ပြီး ပြန်လာရာ ထောက်ကြန့်၊ စစ်သင်္ချိုင်းရှေ့ အရောက်တွင် ကားလမ်းများပိတ်၍ ကားအားရပ်နေစဉ် ၎င်းကားအနီး ဆိုင်ကယ် (၃) စီးမှာလည်း ရပ်စောင့်နေသည်ကို တွေ့ခဲ့ရကြောင်း၊ ထိုအချိန် ကားတစ်စီးမှ ကျော်တက်သွားသဖြင့် ၎င်းလည်း ကားအားမောင်းနှင်ပြီး ဘရိတ်အုတ်လိုက်စဉ် ဆိုင်ကယ်သမားမှလည်း မောင်းရန်ပြင်ပြီးမှ ဘရိတ်အုပ်သဖြင့် လန့်သွားပြီး ဆိုင်ကယ်သမားများမှ ဆဲဆိုခဲ့ကြောင်း ၎င်းမှကားအား ဆက်မောင်းသွားရာ ထောက်ကြန့် လမ်းဆုံအနီး အရောက် ဆိုင်ကယ်(၃)စီးအနက်မှ တစ်စီးသည် ကားအရှေ့သို့ ကန့်လန့်ဖြတ်ပိတ်ပြီး ဆိုင်ကယ်(၃)စီးပေါ်မှ အမျိုးသား(၅)ဦးတို့က ဆိုင်ကယ်ပေါ်မှဆင်းကာ ဦး-----အား ဝိုင်းဝန်းထိုးကြိတ် ဆဲဆိုရိုက်နှက်ခဲ့၍ ဦး-----တွင် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ကာ ကားရှေ့လေကာမှန်နှင့် ယာဘက် နောက်ကြည့်မှန်တို့အား ရိုက်ခွဲခဲ့သဖြင့် ထောက်ကြန့် နယ်မြေရဲစခန်း (ပ) ၁၀၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၄၀/၃၂၃/၂၉၄/၁၁၄ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - Yangon Police

ထို့နောက် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ရုံးမှ မှုခင်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်များနှင့် ထောက်ကြန့်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာနေ မင်းထက်အောင် ငှားရမ်းနေထိုင်ရာ နေအိမ်မှ ဆိုင်ကယ်(၃)စီးဖြင့် မှော်ဘီမြို့နယ်ဘက်မှ ထောက်ကြန့်မြို့ဘက်သို့ ထွက်ခွာလာကြောင်း သတင်းရရှိခဲ့ပြီး သတင်းရရှိမှုအပေါ် အခြေပြု၍ လှော်ကားလမ်းခွဲတွင် ပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ရှာဖွေ ဖမ်းဆီးခဲ့ရာ ၆ နာရီ ၃၀ မိနစ်အချိန်တွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် လှိုင်သာယာမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်နေ အောင်မြင့်သူ (၃၀)နှစ်၊ ညိုမောင်(၂၄)နှစ်၊ မှော်ဘီမြို့နယ်နေ နိုင်လင်း(၁၉)နှစ်၊ သက်ပိုင်ဦး(၁၉)နှစ်နှင့် မင်းထက်အောင် (၂၅) နှစ် တို့အား ၎င်းတို့စီးနင်းသည့် ဆိုင်ကယ်(၃) စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်သူ မင်းထက်အောင်ပါ(၅)ဦးအား ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်များမှာ လိုင်စင်မဲ့များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရ၍ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မဖြင့်လည်း ဆက်လက် အရေးယူသွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။