ချမ်းမြသာစည်မြို့နယ် တရားရုံးသို့ အမှုလာရောက် ရင်ဆိုင်သူ အမျိုးသမီးအား အမျိုးသားတစ်ဦးက ဓားဖြင့် ထိုးသတ်မှု ဖြစ်ပွား

ချမ်းမြသာစည်မြို့နယ် တရားရုံးသို့ အမှုလာရောက် ရင်ဆိုင်သူ အမျိုးသမီးအား အမျိုးသားတစ်ဦးက ဓားဖြင့် ထိုးသတ်မှု ဖြစ်ပွား
Published 11 January 2018

ချမ်းမြသာစည်မြို့နယ် တရားရုံးသို့ အမှုလာရောက် ရင်ဆိုင်သူ အမျိုးသမီးကို အမျိုးသားတစ်ဦးက ဓားဖြင့် ထိုးသတ်မှု ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၁ နာရီက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်တွင် နေထိုင်သည့် ဒေါ်ဝင်းကြည် (၆၂ နှစ်) သည် ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆို ခံထားရသဖြင့် ဇန်နဝါရီ ၁၀ ရက်က တရားရုံးမှ အမှုရင်ဆိုင်ပြီး အပြန် ယခုလို အသတ်ခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့က ဖြစ်ဖြစ်ချင်း မသိဘူး။ စကားများတယ်ပဲ ထင်နေတာ။ နောက်တော့မှ အမျိုးသမီးကြီးက ကျွန်မကို ဓားနဲ့ထိုးနေပါတယ်။ ကယ်ကြပါဦး ဆိုပြီး အော်မှ သိရတယ်။ အမျိုးသားတစ်ဦး ထွက်ပြေးသွားတာပဲ မြင်လိုက်ရတယ်” ဟု အခင်းဖြစ်နေရာအနီးရှိ ဈေးသည်တစ်ဦးက ပြောကြားသည်။

သေဆုံးသူ အမျိုးသမီးမှာ ယခင်က မြေပွဲစား လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး မန္တလေးခရိုင် တရားရုံးတွင်လည်း အမှုများ ရင်ဆိုင်နေရကြောင်း၊ ချမ်းမြသာစည်မြို့နယ် တရားရုံးတွင်လည်း အသရေပျက်စေမှု ပုဒ်မ ၅၀၀ ဖြင့် နတ်ရေကန် ကျေးရွာအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ် စွဲဆိုထားခြင်း ခံနေရကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ် (၁၁) ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းဗိုလ်က “ အသတ်ခံရသူက အမှုတွေအများကြီး ရင်ဆိုင်နေရတာပါ။ ခရိုင်တရားရုံးမှာရော မြို့နယ်မှာပါ အမှုတွေရှိပါတယ်။ကျူးလွန်သူကို မိဖို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်”ဟု ဖြေကြားသည်။

ယခု ဓားဖြင့် ထိုးအသတ်ခံရသူ ဒေါ်ဝင်းကြည်သည် ယခင်က အာမခံရသည့် ပုဒ်မဖြင့် အမှုရင်ဆိုင်နေရခြင်း ဖြစ်သောကြောင့် တရားရုံးမှအထွက် ကားပေါ်အတက်တွင် အမျိုးသားတစ်ဦးက ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံအရောက်တွင် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း၊ အရိုးအသွား ကိုးလက်မခန့်ရှိ စတီးဓားဖြင့် ထိုးခဲ့ခြင်းကြောင့် ဘယ်ဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၇ ခုနှစ်အတွင်း မန္တလေး ခုနစ်မြို့ နယ်၌ အမှုကြီး ၉၉ မှုအနက် ချမ်းမြသာစည်မြို့နယ်တွင် အမှုကြီး ၂၀ ဖြစ်ပွားကာ ပုဒ်မ ၃၇၉/၅၄ ခိုးမှုမသင်္ကာဖြင့် အရေးယူမှု ၁၅၄ မှု၊ ခိုးမှုမသင်္ကာပုဒ်မ ၃၈၀/၅၄ ဖြင့် ၆၉ မှု၊ လုယူထွက်ပြေးမှု ပုဒ်မ၃၈၂ ဖြင့် ၅၈ မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့တွင် မှုခင်းဖြစ်ပွားမှု အများဆုံးဖြစ်သည့် ချမ်းမြသာစည်မြို့နယ်ရှိ လူထုနှင့် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးတို့ တွေ့ဆုံပြီး မှုခင်းပိုင်းဆိုင်ရာ ဆွေးနွေးမှုများကို ဇန်ဝါရီ ၁၀ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ မန္တလေးမြို့တွင် လုယက်မှု၊ ခိုးမှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် မြို့ခံလူထု ပါဝင်ကူညီနိုင်ရန် လိုအပ်ကြောင်း၊ မှုခင်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့က ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ကြောင်း သိရသည်။

ခိုးမှု၊ လုယက်မှုများသည် မဖြစ်ပွားသည့်နေ့ မရှိကြောင်း၊ ထိုဖြစ်စဉ်များ ကျဆင်းသွားရန်အတွက် မည်သို့ဆောင်ရွက်သွားမည်ဆိုတာကို ဆွေးနွေးမည်ဖြစ်ကာ စာရွက်ပေါ်တွင် ဆောင်ရွက်သည်ထက် လက်တွေ့တွင် လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ အပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မှုခင်းကျဆင်းရေးအတွက် အစီအစဉ်များကို တင်ပြသွားမည်ပြီး ပြည်သူများက ပါဝင်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံကြောင်း၊ အချိန်ကာလ တစ်ခုမကဘဲ ရေရှည် စဉ်ဆက်မပြတ် ဆောင်ရွက်လိုကြောင်း၊ ထိုမှသာ ပြည်သူ့ဘ၀ လုံခြုံရေးနှင့် နယ်မြေအေးချမ်းရေး ရရှိမည်ဖြစ်ကြောင်း နယ်လုံဝန်ကြီးဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောကြားသည်။

Most Read

Most Recent