ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးရှိ ၁၉၉ Call Center သို့ ရန်ဖြစ်နေသည်ဟု လိမ်လည်သတင်းမှားပေးသူအား ဖမ်းဆီးအရေးယူ

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးရှိ ၁၉၉ Call Center သို့ ရန်ဖြစ်နေသည်ဟု လိမ်လည်သတင်းမှားပေးသူအား ဖမ်းဆီးအရေးယူ
Published 21 December 2017

အုပ်စုဖွဲ့ရိုက်နှက် နေသည်ဟုဆိုကာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ  ၁၉၉ Call Center  သို့ မမှန်မကန်သတင်းပေးခဲ့သူအား ဒီဇင်ဘာ ၂၀ ရက်တွင် ဖမ်းဆီးအရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၀ ရက် နံနက် ၂ နာရီခန့်တွင် ရွှေပြည်သာမြို့နယ် ကွန်ပျူတာတက္ကသိုလ်ရှေ့၌ အုပ်စုဖွဲ့ရိုက်နှက်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ ၁၉၉ Call Centerသို့ သတင်းပေးသဖြင့် သက်ဆိုင်ရာ လှော်ကားနယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

လှော်ကားနယ်မြေရဲစခန်းမှ သတင်း ပေးတိုင်တန်းသည့်နေရာသို့ သွားရောက်ခဲ့ရာ အဆိုပါနေရာတွင် ခိုက်ရန်ဖြစ်ပွားနေသည်ကို မတွေ့ရှိခဲ့သဖြင့် Call Center သို့ မတွေ့ရှိသည့်အကြောင်းကို ပြန်လည်ဆက်သွယ်ခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါသတင်းပေးသူက ရန်ဖြစ်နေသည့်နေရာသို့ ရဲတပ်ဖွဲ့က ရောက်ရှိလာခြင်းမရှိကြောင်း Call Center ထပ်မံသတင်းပို့ခဲ့သဖြင့် ၎င်း၏ဖုန်းနံပါတ်အား မှတ်သားထားပြီး ဆက်သွယ်ရာ အခင်း ဖြစ်သည့်နေရာများ အမျိုးမျိုးပြောဆိုနေ သဖြင့် လှော်ကားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သတင်းပေးသူအား လိုက်လံစုံစမ်းရှာ ဖွေရာ ရွှေပြည်သာမြို့နယ် ကျောင်းကုန်း ရပ်ကွက် ပေါင်ချိန်စက်ရုံအနီး အုတ်စက်ဝင်း ဟောင်းအုတ်နံရံကြားတွင် အမျိုးသားတစ် ဦးက ရဲတပ်ဖွဲ့ဝင်များကို လှောင်ပြောင်ကာ ဖုန်းဆက်နေသည်ကို တွေ့ရှိသဖြင့် ၎င်းင်းအား စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာ ဇင်ဇော်မင်း (၃၈ နှစ်) ဆိုသူ ဖြစ်ကြောင်း သိရပြီး ၎င်းကိုင်ဆောင်သည့် ဖုန်းအား စစ်ဆေးရာ ဖုန်းထဲတွင် ၁၉၉ Call Center သို့ ခေါ်ဆိုထားသည့် ဖုန်းခေါ်သည့် မှတ်တမ်းများကို တွေ့ရှိသဖြင့် ၎င်းအား ပုဒ်မ ၁၈၂ ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။