ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၌ နှစ်လောင်းပြိုင် ခေါင်းဖြတ်လူသတ်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၌ နှစ်လောင်းပြိုင် ခေါင်းဖြတ်လူသတ်မှုဖြစ်ပွား
Published 26 November 2017

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် တလုပ်လပ်အနောက် ကျေးရွာအုပ်စု၌  နိုဝင်ဘာ ၂၄ ရက် ညနေ ၆ နာရီခန့်က နှစ်လောင်းပြိုင် ခေါင်းဖြတ်လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“ငါးကန်ပိုင်ရှင် ကျော်လင်းနဲ့ တရားခံဖြစ်တဲ့ စိမ်းညိုက အမှုတွေ၊ ဘာတွေ ဖြစ်ခဲ့ဖူးတယ်။ ရန်ငြိုးထားပြီးတော့ စိမ်းညိုက ကျော်လင်းရဲ့ ငါးကန်မှာရှိတဲ့ အလုပ်သမားနှစ်ယောက်ကို သတ်လိုက်တာပါ။ ငါးကန်ချင်းက ကန်ပေါင်ပဲခြားတာ။ ဖြစ်တာကတော့ ကျော်လင်းရဲ့ငါးကန်မှာ သွားဖြစ်တာ။ ခန္ဓာကိုယ် အလောင်းတွေ အဲဒီမှာ တွေ့တာ။ ခန္ဓာကိုယ်က ငါးကန်နံဘေးနားမှာ တွေ့တယ်။ ခေါင်း နှစ်ခုကတော့ သခွားခင်းထဲမှာ တွေ့တယ်။ လက်ကောက်ဝတ်တို့၊ လက်တို့မှာတော့ ပြတ် ရှဒဏ်ရာတွေ့တယ်။ သေနိုင်တဲ့ ဒဏ်ရာကတော့ ခေါင်းပြတ်တာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးခင်မောင်လတ်က ပြောကြားသည်။

ထိုသို့ အမှုဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ မအူပင်မြို့မရဲစခန်းမှူးထံ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း တာဝန်ခံဖြေကြားခြင်း မရှိခဲ့သဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံ ဆက်သွယ် မေးမြန်းခဲ့ရခြင်းဖြစ်သည်။

အဆိုပါ နှစ်လောင်းပြိုင် ခေါင်းဖြတ် လူသတ်မှု ကျူးလွန်ခဲ့သူအား ဖြစ်စဉ်ဖြစ်ပွားပြီးနောက် နေအိမ်၌ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် မအူပင်ရဲစခန်း၌ ဖမ်းဆီးထားကြောင်း သိရသည်။

“ဖြစ်တာကတော့ ညနေ ၆ နာရီလောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ည ၉ နာရီလောက်မှာ ရဲတပ်ဖွဲ့က သိတယ်။ သိတဲ့အခါ ချက်ချင်းသွားပြီးတော့ တရားခံကို သူ့ရဲ့နေအိမ်မှာပဲ တွေ့တယ်။ ဖမ်းဆီးလိုက်တယ်။ သက်သေခံပစ္စည်း သိမ်းဆည်းခဲ့ပါတယ်။ သူ့ကို မအူပင်ရဲစခန်းမှာပဲ ထိန်းသိမ်းထားပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးခင်မောင်လတ်က ဆက်လက်ပြောကြားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူတစ်ဦး၏ အစ်မဖြစ်သူက တရားလိုပြုလုပ်ကာ မအူပင်မြို့မရဲစခန်း၌ (ပ)၅၄၆/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 

 

Most Read

Most Recent