မင်္ဂလာဒုံမြို့နယ် နိုင်ငံရေးမှတ်တိုင်အနီးတွင် ဆိုင်ကယ်အား တိမ်းရှောင်ရာမှ ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်ပြီး တစ်ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရ

မင်္ဂလာဒုံမြို့နယ် နိုင်ငံရေးမှတ်တိုင်အနီးတွင် ဆိုင်ကယ်အား တိမ်းရှောင်ရာမှ ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်ပြီး တစ်ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရ
Published 22 November 2017

မင်္ဂလာဒုံ မြို့နယ်၊ နိုင်ငံရေးမှတ်တိုင်အနီးတွင် ဆိုင်ကယ်အား တိမ်းရှောင်ရာမှ ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိမှု နိုဝင်ဘာ ၂၂ရက်၊ နံနက် ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ပုလဲ အရန်မီးသတ်တပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

တောင်ကြီးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် စိန်ဝင်း နှင့် ရောင်းရင်းများ ဘုရားဖူး ယာဉ်သည် ပြည်လမ်းအတိုင်း ရန်ကုန်မြို့တွင်းဘက်သို့ မောင်းလာစဉ် မင်္ဂလာဒုံ မြို့နယ် ၊နိုင်ငံရေး မှတ်တိုင်အနီး အရောက်၌ ဆိုင်ကယ်အား တိမ်းရှောင်ရာမှ ဘုရားဖူးယာဉ်မှာ လမ်းလယ် ကျောက်တုံးများအား တိုက်မိပြီး ယာဉ်မှာ ဘေးတစ်စောင်း အနေအထား တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိမ်းမှောက်ခဲ့သဖြင့် အဆိုပါ ဘုရားဖူး ယာဉ်ပေါ်တွင်လိုက်ပါ စီးနင်းလာသည့် အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ပြီး အခြား အမျိုးသား(၂)ဦး၊ အမျိုးသမီး (၈)ဦးနှင့် ကလေးငယ်တစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာများ ရရှိသဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

“တောင်ကြီးကနေ ရန်ကုန်ကို ပြန်ဝင်လာတဲ့ ဘုရားဖူးယာဉ်ပါ။ မောင်းလာရင်း ပြည်လမ်း နိုင်ငံရေး မှတ်တိုင်နားရောက်တော့ ဆိုင်ကယ်ကို ရှောင်လိုက်ရာကနေ လမ်းလယ်တုံးတွေကို တိုက်မိပြီး တိမ်းမှောက်သွားတာပါ။ ကားပေါ်မှာပါတဲ့ အမျိုးသမီးတစ်ဦးက သေဆုံးသွားပြီး ကြီးကြီးမားမား ထိခိုက်တာ ၁၁ ဦးရှိပါတယ်။ သူတို့ကို အင်းစိန် ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ ကားပေါ်မှာပါတဲ့ အချို့လည်း ပွန်းပဲ့တဲ့ ဒဏ်ရာနည်းနည်းတော့ ရကြပါတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်လည်း ပွန်းပဲ့ဒဏ်ရာအချို့ ရရှိခဲ့ပါတယ်” ဟု ပုလဲအရန်မီးသတ် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တိမ်းမှောက်ခဲ့သည့် ယာဉ်ပေါ်တွင် ခရီးသည်သုံးဆယ်ကျော်ခန့် ပါရှိခဲ့ပြီး အခင်းဖြစ်ပွားရာသို့ နီးစပ်ရာပြည်သူများ၊ ပုလဲအရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်အရိုးဆေးရုံမှ အရာရှိနှင့် စစ်သည်တော်များနှင့် အခြားလူမှုကူညီရေးအဖွဲ့အစည်းများမှ လာရောက်ကူညီမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။