တာချီလိတ်မြို့ရှိ နေအိမ်တစ်အိမ်တွင် နေထိုင်သည့် ထိုင်းနိုင်ငံသား လေးဦးထံမှ သေနတ်နှင့် ကျည်ဆန်များ ဖမ်းဆီးရမိ

တာချီလိတ်မြို့ရှိ နေအိမ်တစ်အိမ်တွင် နေထိုင်သည့် ထိုင်းနိုင်ငံသား လေးဦးထံမှ သေနတ်နှင့် ကျည်ဆန်များ ဖမ်းဆီးရမိ
Published 26 October 2017

ပြည်ထဲရေးဝန်ကြီးဌာနတွင် ဖော်ပြထားသည့် မှတ်တမ်းဓာတ်ပုံအား တွေ့ရစဉ်

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် မြို့နယ်တွင် ထိုင်းနိုင်ငံသား လေးဦးထံမှ သေနတ်နှင့် ကျည်ဆန်များ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်က မွန်းလွဲ ၁ နာရီ ဝန်းကျင်တွင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် မယ်ခေါင် (၁) လမ်း အမှတ် (၁/၁၄၂) နေ အိုက်ကျွဲ (၂၇ နှစ်) ရှမ်း-လားဟူ/ဗုဒ္ဓရောင်း/ဝယ် (ဘ) ဦးအိုက် အင်၏အိမ်အား မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု (၃၀) (တာချီလိတ်)မှ ရဲတပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ စရဖမှ တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ရာ အိုက်ကျွဲနှင့်အတူ ထိုင်းနိုင်ငံသား Mr.Thanaphon Siriphan (၆၇ နှစ်) ထိုင်း/ဗုဒ္ဓရောင်း/ဝယ်(ဘ) ဦးဆူထေ့ ဆွတ်သွေး ရပ်ကွက် လမ်းပန်းမြို့ ထိုင်းနိုင်ငံ၊ တစ်ရပ်ကွက်တည်းနေ Mr.Sitthipong Kuma (၄၃ နှစ်) ထိုင်း/ဗုဒ္ဓ ရောင်း/ဝယ် (ဘ) ဦးဆွန်ထောင်၊ Mr.Adisak Insuriya (၁၅ နှစ်) ထိုင်း/ဗုဒ္ဓ ကျောင်းသား (ဘ) ဦးဖွန်ချိုင်နှင့် Mr.Sutti Pong (၃၀နှစ်) ရောင်း/ဝယ် (ဘ) ဦးဆွတ်လင်း တို့အား တွေ့ခဲ့ကြောင်း သိရသည်။

ထို့နောက် ဆက်လက်ရှာဖွေခဲ့ရာ အိပ်ခန်းခုတင်ခေါင်းရင်းမှ အိုက်ကျွဲပိုင် PBX 675 နံပါတ်ပါ သြစတြေးလျ နိုင်ငံထုတ် Glock အမျိုးအစား 9MM ပစ္စတိုသေနတ် (၁)လက်၊ ၎င်းကျည်တောင့် ၁၀၀၊ ကျည်အိမ်နှစ်ခု၊ သေနတ်ထည့်သည့် လက်ကိုင်ပါ ကော်ဘူးတစ်ဘူး၊ ပွိုင့် ၄၅ ကျည်တောင့် ၁၀၀၊ ဦးအိုက်ကျွဲ အမည်ပါ အိမ်ထောင်စု လူဦးရေစာရင်း မိတ္တူတစ်ရွက်၊ ဦးအိုက်ကျွဲအမည်ပါ မှတ်ပုံတင်တစ်ခုနှင့် ထိုင်ငံသားများ၏ ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်သုံးခု၊ Mr.Thanaphon Siriphan အမည်ပါ ထိုင်းမှတ်ပုံတင် တစ်ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အိုက်ကျွဲနှင့် ထိုင်းနိုင်ငံသား လေးဦးတို့အား တာချီလိတ်မြို့မရဲစခန်းက (ပ)၂၁၂/၂၀၁၇ ရှမ်း လက်နက်ပုဒ်မ ၁၂(က)(ဂ)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပြီး ထိုင်းနိုင်ငံသား လေးဦးအား လဝကပုဒ်မဖြင့် ထပ်မံအရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။