ယောကျ်ားဖြစ်သူအား ချုပ်နှောင်ပြီး မိန်းမအား အမျိုးသားလေးဦးက ဝိုင်းဝန်းသားမယားပြုကျင့်မှု မန္တလေးမြို့တွင် ဖြစ်ပွား

ယောကျ်ားဖြစ်သူအား ချုပ်နှောင်ပြီး မိန်းမအား အမျိုးသားလေးဦးက ဝိုင်းဝန်းသားမယားပြုကျင့်မှု မန္တလေးမြို့တွင် ဖြစ်ပွား
Published 17 October 2017

ပျဉ်းမနားမြို့တွင် နေထိုင်သည့် ဇနီးမောင်နှံနှစ်ဦးမှာ အောက်တိုဘာ ၁၄ ရက်က ကျောက်ဆည်မြို့ဘုရားပွဲ၌ ဈေးရောင်းချရန် ရောက်ရှိခဲ့ရာ လင်မယားစကားများ ရန်ဖြစ်ခဲ့သဖြင့် ခင်ပွန်းဖြစ်သူ ကို....(၂၈ နှစ်) သည် မန္တလေးမြို့သို့ ထွက်ခွာသွားခဲ့ကြောင်း၊ ဇနီးဖြစ်သူ မ...(၂၆ နှစ်) မှာလည်း မန္တလေးသို့ ရထားဖြင့်လိုက်ခဲ့ရာ ချမ်းမြသာစည်မြို့နယ် ဦးပွားခုံးကျော်တံတားအောက်တွင် ခင်ပွန်းဖြစ်သူနှင့် ပြန်လည်တွေ့ဆုံခဲ့သည်ဟု သိရသည်။

ထို့နောက် အောက်တိုဘာ ၁၅ ရက် နံနက် ၂ နာရီခန့်တွင် ၎င်းတို့လင်မယားသည် ရထားသံလမ်းအတိုင်း လမ်းလျှောက်လာရာ ခုံးကျော်တံတားအနီး ဘုန်းကြီးကျောင်းရှေ့အရောက် လမ်းလျှောက်လာသည့် အမည်မသိအမျိုးသားလေးဦးနှင့် တွေ့ဆုံရာ အဆိုပါ လေးဦးက ၎င်းတို့ကို ဆိုင်ကယ်သူခိုးများဟု စွပ်စွဲခဲ့ကြောင်း၊ ၎င်းတို့မှမဟုတ်ကြောင်း ငြင်းဆိုသော်လည်းမရဘဲ လူခွဲစစ်ဆေးမည်ဟုဆိုကာ ခေါ်ဆောင်နေစဉ် နောက်ထပ် အမျိုးသားနှစ်ဦး ထပ်မံရောက်ရှိလာကြောင်း၊ ရထားလမ်းအတိုင်း ခေါ်ဆောင်လာခဲ့ကာ သံလမ်းအရှေ့ချုံပုတ်အစပ်တွင် ဇနီးဖြစ်သူကို အမျိုးသားလေးဦးက တစ်လှည့်စီ သားမယားပြုကျင့်ခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူကို ကျန်နှစ်ဦးက ချုပ်နှောင်ထားပြီး ရိုက်နှက်ခဲ့ကြောင်း၊ သားမယားပြုကျင့်သည့်လေးဦးကလည်း တစ်လှည့်စီ ရိုက်နှက်ခဲ့သဖြင့် ခင်ပွန်းဖြစ်သူ၏ ဦးခေါင်း၊ နံရိုးတို့တွင် နာကျင်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါကျူးလွန်သူများကို အမှတ် (၁၁) နယ်မြေရဲစခန်းတွင် (ပ) ၄၈၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၄၂/၃၂၃ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။