လမ်းမတော်မြို့နယ် တရားရုံးတွင် ပုဒ်မသုံးခုဖြင့် တရားစွဲဆိုထားသည့် နဂါးလေး (ခ) အောင်နိုင်မြင့်ကို ဆက်လက်ရုံးထုတ်

လမ်းမတော်မြို့နယ် တရားရုံးတွင် ပုဒ်မသုံးခုဖြင့် တရားစွဲဆိုထားသည့် နဂါးလေး (ခ) အောင်နိုင်မြင့်ကို ဆက်လက်ရုံးထုတ်
Published 30 September 2017

လမ်းတော်မြို့နယ် တရားရုံးတွင် ပုဒ်မ သုံးခုဖြင့် တရားစွဲဆိုခံထားရသော နဂါးလေး (ခ) အောင်နိုင်မြင့်ကို စက်တင်ဘာ ၂၉ ရက်က လမ်းမတော်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါရုံးချိန်းတွင် အမှုကိုစစ်ဆေးခဲ့ခြင်းမရှိဘဲ အောက်တိုဘာ ၁၁ ရက်သို့ ပြန်လည်ချိန်းဆိုကြောင်း တရားရုံးမှ သိရသည်။

ပစိဖိတ်ဓာတ်ပုံတိုက်ပိုင်ရှင်ကို ပြန်ပေးဆွဲသည့်အမှုတွင် ပါဝင်ပတ်သက်သည်ဆိုသော နဂါးလေး (ခ) အောင်နိုင်မြင့်ကို ရဲတပ်ဖွဲ့က (ပ) ၉/ ၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၆/၃၂၃/၁၁၄ ဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် လမ်းမတော်မြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ခြင်းဖြစ်သည်။

နဂါးလေး (ခ) အောင်နိုင်မြင့်ကို ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ရာ ကားဖြင့်တိုက်ပြီး ထွက်ပြေးသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က လိုက်လံစုံစမ်းခဲ့ရာ ၎င်းကို မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်၌ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိခဲ့သော နဂါးလေး (ခ) အောင်နိုင်မြင့်ကို တောင်ဒဂုံမြို့နယ်တရားရုံးက စက်တင်ဘာ ၂၂ ရက်တွင် ပို့ကုန်သွင်းကုန်ဥပဒေဖြင့် ထောင်ဒဏ်လေးနှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

နဂါးလေးအား ချမှတ်ခဲ့သည့်အမှုမှာ ၎င်းအား ဖမ်းဆီးစဉ် အတူသိမ်းဆည်းရမိသည့် မော်တော်ယာဉ်နှစ်စီးမှာ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်သဖြင့် ယင်းကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထောင်ဒဏ်လေးနှစ်ကျခံရသည့် ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က နဂါးလေးအား လိုက်လံဖမ်းဆီးစဉ် ၎င်းမှာ 5D-3753 နံပါတ်တပ်ဆင်ထားသည့် X-Trail အမျိုးအစား မော်တော်ယာဉ်နှင့်အတူ ဒဂုံတောင်မြို့နယ် လှော်ကားလမ်းအနီး၌ ရောက်ရှိနေသည်ဟု သတင်းရသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သွားရောက်ပစ်ခတ် ဖမ်းဆီးရာ လွတ်မြောက်ခဲ့ပြီး နဂါးလေးစီးလာသည့်ယာဉ်အား ဒဂုံဆိပ်ကမ်းမြို့နယ် ကျည်စုအနောက်ကွင်းရှိ လယ်ကွင်းအလယ်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမိန့်ချခံခဲ့ရသည့် နဂါးလေးမှာ ဒဂုံတောင်မြို့နယ်တွင် မူးယစ်ဆေးဝါးမှုနှင့် တရားစွဲဆိုခံရခြင်းမှ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့သော်လည်း လမ်းမတော်မြို့နယ်၌ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၃၂၃/၁၁၄ ဖြင့် သက်ဆိုင်ရာမြို့နယ်တရားရုံးက ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။ ရဲထွဋ်၊ မျိုးထက်ပိုင်