စတုတ္ထတန်း ကျောင်းသူကို သားမယားပြုကျင့်ရန် ကြံစည်သည်ဟု ဆိုသူအား ဒလမြို့နယ်တွင် အမှုဖွင့်

စတုတ္ထတန်း ကျောင်းသူကို သားမယားပြုကျင့်ရန် ကြံစည်သည်ဟု ဆိုသူအား ဒလမြို့နယ်တွင် အမှုဖွင့်
Published 23 September 2017

ဒလမြို့နယ်တွင် စတုတ္ထတန်း ကျောင်းသူကို သားမယားပြုကျင့်ရန် ကြံစည်ခဲ့သူအား အမှုဖွင့်ထားပြီးဖြစ်ကြောင်း စက်တင်ဘာ ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ စက်တင်ဘာ ၂၁ ရက် မွန်းတည့် ၁၂ နာရီခန့်က ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးကျေးရွာ အုပ်စုတွင် နေထိုင်သည့် ဒေါ်.... (၃၅ နှစ်) သည် နေအိမ်၌ ရှိနေစဉ် ၎င်း၏ သမီးဖြစ်သူ စတုတ္ထတန်းကျောင်းသူ မ.... (ကိုးနှစ်) မှာ ကျောင်းမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ရောက်ရှိလာသဖြင့် ဒေါ်.....မှ မေးမြန်းရာ မ......မှာ နေ့လည် ကျောင်းဆင်းချိန်တွင် တစ်ရွာတည်းနေ အတန်းဖော် သူငယ်ချင်းဖြစ်သူ မ..... (ကိုးနှစ်) ၏ နေအိမ်သို့ လိုက်သွားခဲ့ကြောင်း၊ လိုက်သွားစဉ် သူငယ်ချင်း၏အစ်ကိုဖြစ်သူ ဟိန်းဇော်အောင် (၁၈ နှစ်) က ၎င်း၏ ညီမဖြစ်သူအား ဈေးဆိုင်သို့ ဈေးဝယ်ရန် စေလွှတ်ခဲ့ပြီး မ....အား အိမ်သာရေခပ်ခိုင်းခဲ့ကြောင်း၊ ရေခပ်ခိုင်းပြီး ဟိန်းဇော်အောင်က အိမ်သာအနီးတွင် ပိုက်ဆံကျပျောက်သွား၍ လာရောက်ရှာဖွေပေးရန် မ.... အား ခေါ်သဖြင့် သွားရောက်စဉ် ဟိန်းဇော်အောင်က မ.... အား နောက်မှ သိုင်းဖက်ပြီး အဝတ်အစားများကိုချွတ်ကာ သားမယားပြုကျင့်ရန် ကြံစည်ခဲ့သည်ဟု ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။

ယင်းသို့ ပြုလုပ်စဉ် မ..... မှာ ထွက်ပြေးခဲ့ပြီး ဟိန်းဇော်အောင်က နောက်မှလိုက်လာကာ မ..... အား မိဘတွေကို ပြန်ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အမှုဖွင့် တိုင်တန်းချက်အရ သိရသည်။

“ကျူးလွန်သူကိုတော့ ဖမ်းဆီးထားပါပြီ။ ရဲလုပ်ငန်းစဉ်အတိုင်းပဲ ဆက်လက်ဆောင်ရွက်နေပါတယ်။ ကျူးလွန်သူကို ရမန်တောင်းတယ်။ ကောင်မလေးကို ဆေးစစ်တယ်။ သက်သေခံပစ္စည်း သိမ်းဆည်းတယ်” ဟု တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဉ်ကို ပျော်ဘွယ်ကြီးနယ် မြေရဲစခန်းက (ပ)၂၃၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်ထားသည်။