အသက်မပြည့်သေးသော မိန်းကလေးနှင့် ချစ်ကြိုက်ခဲ့ပြီး ခိုးယူပေါင်းသင်းသည်ဆိုသော အမျိုးသားအား ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၁၃ နှစ် အမိန့်ချ

အသက်မပြည့်သေးသော မိန်းကလေးနှင့် ချစ်ကြိုက်ခဲ့ပြီး ခိုးယူပေါင်းသင်းသည်ဆိုသော အမျိုးသားအား ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၁၃ နှစ် အမိန့်ချ
Published 11 September 2017

 

အသက်မပြည့်သေးသော မိန်းကလေး နှင့် ချစ်ကြိုက်ခဲ့ပြီး  ခိုးယူပေါင်းသင်းသည်ဆိုသော အမျိုးသားအား ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၁၃ နှစ် ကျခံစေရန် အရှေ့ပိုင်းခရိုင် တရားရုံးတွင် အမိန့်ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးမှ စုံစမ်းသိရရှိသည်။

ယင်းအမှုနှင့်ပတ်သက်၍ ကျူးလွန်သူ ဟိန်းပြည့်ဖြိုး (၂၀ နှစ်) အား အမှုစစ်ဆေး ပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ထောင်ဒဏ် ၁၀ နှစ်နှင့်ပုဒ်မ ၃၆၃ အရ ထောင်ဒဏ် သုံးနှစ်ကို သီးခြားစီကျခံစေရန် စက်တင်ဘာ ၈ ရက်က အရှေ့ပိုင်းခရိုင် တရားရုံး၌ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် မေ ၁၇ ရက်တွင် အမှုမှတရားလိုဖြစ်သူ ဒဂုံတောင်မြို့နယ်နေ ဒေါ်.... သည် ၎င်း၏ သမီး မ..... ၁၅ နှစ် သုံးလမှာ ပျောက်ဆုံးနေသဖြင့် စုံစမ်းရှာဖွေရာ ဒဂုံတောင်မြို့နယ် (၇၀) ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ပြန်တွေ့ခဲ့ကြောင်း သိရသည်။

မ..... သည် ၎င်း၏ မိခင် ဒေါ်..... အိပ်ပျော်နေစဉ်  ချစ်ကြိုက်ခဲ့သူ ဟိန်းပြည့်ဖြိုး ဆိုသူနှင့် တွေ့ဆုံကာ ထိုမှတစ်ဆင့် ဟိန်းပြည့်ဖြိုးနှင့်အတူ ဝါးခယ်မမြို့နယ်၊ သီလကျောင်း ကျေးရွာရှိ ဟိန်းပြည့်ဖြိုး၏ သူငယ်ချင်းနေအိမ်တွင် နှစ်ရက် တည်းခိုနေထိုင်ခဲ့ကြောင်း၊ တည်းခိုနေစဉ် တစ်ရက်တည်းခို၍ လင်မယားအဖြစ် ပေါင်းသင်းဆက်ဆံခဲ့ကြောင်း သိရသဖြင့် တရားလို၏ အုပ်ထိန်းမှုအောက်မှ မလွတ်ကင်းသေးသည့် အသက်မပြည့်သေးသူ မိန်းကလေးအား ခိုးယူပေါင်း သင်းခဲ့သော ဟိန်းပြည့်ဖြိုးအား ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။

ယင်းဖြစ်စဉ်မှ ကျူးလွန်သူ ဟိန်းပြည့်ဖြိုးအား ဒဂုံတောင်မြို့မရဲစခန်းက (ပ) ၇၂၆/၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၃/၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း သိရသည်။