သစ်အခြေခံ စက်မှုလုပ်ငန်းများ တိုးတက်ရန် သစ်တောဦးစီးဌာနက ကုန်ကြမ်းထောက်ပံ့ပေးမည့်အပြင် လုပ်ငန်းစဉ်များ ဖြေလျှော့ထားပြီး သတ်မှတ်ချက်အတိုင်း မလုပ်ဆောင်ပါက အမည်ပျက်စာရင်း သွင်းမည်

သစ်အခြေခံ စက်မှုလုပ်ငန်းများ တိုးတက်ရန် သစ်တောဦးစီးဌာနက ကုန်ကြမ်းထောက်ပံ့ပေးမည့်အပြင် လုပ်ငန်းစဉ်များ ဖြေလျှော့ထားပြီး သတ်မှတ်ချက်အတိုင်း မလုပ်ဆောင်ပါက အမည်ပျက်စာရင်း သွင်းမည်
Published 29 September 2017

ရန်ကုန်မြို့ရှိ သစ်အချောထည်စက်ရုံ တစ်ရုံကို တွေ့ရစဉ်

သစ်အခြေခံ စက်မှုလုပ်ငန်းများ တိုးတက်ရန် သစ်တောဦးစီးဌာနမှ ကုန်ကြမ်းများ ထောက်ပံ့ပေးမည့်အပြင် Procedure များ ဖြေလျှော့ပေးထားပြီး သတ်မှတ်ချက်များအတိုင်း မလုပ်ဆောင်ပါက ကုမ္ပဏီများကို အမည်ပျက်စာရင်း သွင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောကြားသည်။

“ကျွန်တော်တို့ ဝန်ကြီးဌာနကတော့ အခြားဌာနပိုင်းကတော့ သစ်အခြေခံ စက်မှုလုပ်ငန်းတွေ တိုးတက်အောင် ကျွန်တော်တို့က အဓိက ဘာတွေလိုမလဲဆိုတော့ တစ်အချက်က တရားမဝင် ကုန်ကြမ်းတွေ ဒါတွေကိုလည်း သစ်ရောင်းချပေးနိုင်တဲ့ မြန်မာ့သစ်လုပ်ငန်း အနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးမှာပါ။ ထို့အတူ လုပ်ထုံးလုပ်နည်းတွေ တချို့နေရာတွေမှာ တင်းကျပ်တာတွေ ရှိတယ်။ ကျွန်တော်တို့ မနေ့ကဆိုရင် ကျွန်တော်တို့ဌာန အနေနဲ့ ဘာတွေဖြေလျှော့တယ် ဆိုတာကို လုပ်ငန်းရှင်တွေကို အကြောင်းပြန်ပေးလိုက်ပြီ။ အဲဒီမှာပဲ ကြေညာပေးလိုက်တယ်။ အရင်တုန်းက နှစ်ကြိမ်စစ်ရတာကို တစ်ကြိမ်တည်း စစ်ပေးမယ်။ တစ်ခုတော့ရှိတယ်။ ကျွန်တော်တို့ရဲ့ ဖြေလျှော့တဲ့ အပေါ်မှာ ထွက်ပေါက်လေးတွေ ရှိနိုင်တယ်။ ထွက်ပေါက်လေးတွေက မသမာမှုတွေ မလုပ်ကြဖို့ လိုတယ်။ အဲဒီတော့ ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေ ကိုယ်တိုင်ကလည်း တာဝန်ယူမှု၊ တာဝန်ခံမှုတော့ရှိဖို့ လိုတယ်။ ကျွန်တော်တို့ဘက်က မှန်မှန်ကန်ကန် ကောင်းကောင်းမွန်မွန်လုပ်တဲ့ ကုမ္ပဏီတွေ အဆင်ပြေဖို့ အတွက်ကို Procedure ကို ဖြေလျှော့ပေးသလို သူတို့ဘက်ကလည်း ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိန်းပြီးတော့ တာဝန်ခံတဲ့စိတ်နဲ့ လုပ်မယ်ဆိုရင် အောင်မြင်မယ်။ ဖြေလျှော့ပါလျက်နဲ့ ကျူးလွန်ရင်တော့ အမည်ပျက်စာရင်း အသွင်းခံရမယ်” ဟု ၎င်းက ဆိုသည်။

သစ်အခြေခံ စက်မှုလုပ်ငန်းများ တိုးတက်ရန် Procedure များ ဖြေလျှော့မှုများသည် Export ပြုလုပ်ရာတွင် ယခင်က နှစ်ကြိမ်စစ်ဆေးရာတွင် တစ်ကြိမ်တည်းဖြင့် စစ်ဆေးပေးခြင်း၊ ကုန်သေတ္တာများတွင် သစ်တောထွက်ပစ္စည်းများအပြင် အထည်အလိပ်၊ ပန်းကန်၊ ခွက်ယောက်များနှင့် ရောနှောသယ်ဆောင်လိုပါက သစ်တောနှင့် Custom တို့ ပူးပေါင်းစစ်ဆေးခြင်းနှင့် စစ်ဆေးမည့်သူများက သစ်တော Email သို့ တစ်ရက်ကြိုပြီး လျှောက်ထားပါက နောက်ရက်တွင် စစ်ဆေးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အဓိက,ကတော့ ကြိမ်၊ ဝါး ဆိုရင် အသေးအဖွဲ့ သစ်တောထွက်ပစ္စည်းအဖြစ် သတ်မှတ်ပါတယ်။ ဒီဟာတွေဆိုရင် သူတို့က ဥပမာအားဖြင့် နိုင်ငံခြားကို နမူနာပို့ချင်ရင် သစ်တော ထောက်ခံချက် လျှောက်ရတာ ကြန့်ကြာတယ်။ သဘောက အကောက်ခွန် အနေနဲ့ သစ်တောထွက်ပစ္စည်း ဖြစ်တဲ့အတွက် သစ်တောထောက်ခံချက် မပါရင် မပေးနိုင်ဘူး။ ဒါဆိုရင် ရတယ်။ သူတို့နဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ ဒေါ်လာ ၅၀၀ ထက်မပိုတဲ့ပစ္စည်း ဖြစ်ရမယ်။ ပစ္စည်းတစ်မျိုးကို ၁၀ ခုထက်လည်း မပိုစေနဲ့။ ကျွန်တော်တို့ ချက်ချင်းထောက်ခံချက် ပေးလိုက်မယ်။ မြန်မြန်ဆန်ဆန်နဲ့ ပြီးသွားတာပေါ့” ဟု ဦးသိန်းတိုးက ပြောကြားသည်။

Most Read

Most Recent