လယ်ယာဥယျာဉ်ခြံမြေများကို အကွက်ဖော် ရောင်းစားခြင်းနှင့် သက်ဆိုင်သော ကော်မတီအဆင့်ဆင့်၏ လျော့ရဲပြီး အဂတိမကင်းသည့် လုပ်ဆောင်ချက်များကို ထိရောက်စွာ ထိန်းညှိပေးနိုင်မည့် အစီအမံတစ်ခု ရေးဆွဲပေးရန်အဆို အမျိုးသားလွှတ်တော်၌ တင်သွင်း

လယ်ယာဥယျာဉ်ခြံမြေများကို အကွက်ဖော် ရောင်းစားခြင်းနှင့် သက်ဆိုင်သော ကော်မတီအဆင့်ဆင့်၏ လျော့ရဲပြီး အဂတိမကင်းသည့် လုပ်ဆောင်ချက်များကို ထိရောက်စွာ ထိန်းညှိပေးနိုင်မည့် အစီအမံတစ်ခု ရေးဆွဲပေးရန်အဆို အမျိုးသားလွှတ်တော်၌ တင်သွင်း
Published 7 August 2018

အမျိုးသားလွှတ်တော် အစည်းအဝေးအပြီး ခန်းမအတွင်းမှ ပြန်လည်ထွက်ခွာလာသည့် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်

လယ်ယာဥယျာဉ်ခြံမြေများကို စည်းကမ်းမဲ့စွာ အကွက်ဖော် ရောင်းစားနေခြင်းကြောင့် စိုက်ပျိုးမြေများ လျော့နည်းလာခြင်း၊ မြေလွတ်များ ပျောက်ဆုံးကုန်ခြင်းစသည်တို့နှင့် သက်ဆိုင်သော စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင်သာယာရေးကော်မတီ၊ လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီအဆင့်ဆင့်တို့၏ လျော့ရဲပြီး အဂတိမကင်းသည့် လုပ်ဆောင်ချက်များကို ထိရောက်စွာ ထိန်းညှိပေးနိုင်မည့် အစီအမံတစ်ခု အလျင်အမြန် ရေးဆွဲပြဋ္ဌာန်းပေးရန် အဆိုအား အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့သည်။

သြဂုတ် ၆ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်းက ယင်းအဆိုအား တင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိသည့်အတွက် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရန် သဘောတူခဲ့သည်။

ဦးမျိုးဝင်းက “ကော်မတီတွေနဲ့ ပြည်သူတွေကြားမှာ ဘာတွေဖြစ်နေလဲဆိုတာ ကိုယ်စားလှယ်များအားလုံး အသိဖြစ်ပါတယ်။ ဒီအဆိုကို လွှတ်တော်က ဆွေးနွေးခွင့်ပြုခဲ့ရင် ပါဝင်ဆွေးနွေးပေးကြပြီး အစိုးရကို ဝိုင်းဝန်း အကြံပြုစေလိုပါတယ်။ ဘာမှဝေဖန်ပြောဆိုလို့ မရတဲ့ခေတ်တွေမှာ ဒါတွေစဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာလည်း ဖြစ်ခဲ့တယ်။ အခု လက်ရှိ အစိုးရလက်ထက်မှာလည်း ပုန်းလျှိုးကွယ်လျှိုးဖြစ်နေဆဲမို့ ဒီအစိုးရလည်း ဘာမှမထူးပါဘူးကွာဆိုတဲ့ အမြင်တွေ၊ အပြောတွေဟာ ပြည်သူတွေကြားမှာ တဖြည်းဖြည်း ကျယ်လောင်လာတာကြောင့် မေးခွန်းအနေနဲ့မေးဖို့ စိတ်ကူးခဲ့ပါတယ်။ ဒါပေမဲ့ ပတ်သက်နေတာက ဝန်ကြီးဌာနတစ်ခုတည်း မဟုတ်ဘဲ ဒီကော်မတီထဲမှာ ဝန်ကြီးဌာန အသီးသီးက နိုင်ငံ့ဝန်ထမ်းတွေသာမက အရပ်ဘက်က ကိုယ်စားလှယ်တွေပါ ပါဝင်တာဖြစ်လို့ အဆိုတင်သွင်းရခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

နိုင်ငံအနေဖြင့် လူနေရပ်ကွက်များ၊ မြေယာအမျိုးမျိုးကို ဥပဒေနှင့်အညီ စနစ်တကျ အသုံးပြုစေအောင် စီမံခန့်ခွဲမှုမပြုနိုင်သည်မှာ ရာစုနှစ်ဝက်ကျိုးလာပြီဖြစ်ကြောင်း၊ စီမံခန့်ခွဲခွင့် တာဝန်ကို ယူထားကြသူများ ကိုယ်တိုင်က လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြု ကိုယ်ကျိုးရှာခဲ့သည့်အတွက် ပရမ်းပတာဖြစ်နေသည့် မြို့ပြလူနေမှုစနစ်များ၊ စည်းစနစ် မရှိသည့် လူနေကွက်သစ်များဖြင့် ထိန်းမနိုင် သိမ်းမရဖြစ်ခဲ့ရသည့်အမွေကို ဆက်ခံခဲ့ရကြောင်း၊ ယခုအစိုးရလက်ထက်တွင် စနစ်တကျဖြစ်အောင် ပြန်လည်ပြုပြင် တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ မိမိတာဝန်ယူစဉ်ကာလတွင် ယင်းအဖြစ်မျိုးများ ထပ်မတိုးလာစေရန် စီမံထိန်းသိမ်းရန် တာဝန်ရှိမည်ဖြစ်ကြောင်း၊ နယ်ဒေသများတွင်လည်း တာဝန်မဲ့သူ၊ ဥပဒေကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာသူအချို့ကြောင့် ဖြစ်ပျက်နေမှုများရှိကြောင်း ဦးမျိုးဝင်းက ပြောကြားသည်။

“စိုက်ပျိုးမြေတွေကို ထင်သလို အသုံးချကြတဲ့ဖြစ်ရပ်တွေ ရှိပါတယ်။ ရော်ဘာခြံ၊ ဥယျာဉ်ခြံတွေကို မြေကြီးတူးရောင်း၊ အိမ်ကွက်ဖော် ရောင်းချနေကြမှုများ ရှိပါတယ်။ အချို့အကွက်တွေက အခြားနည်းသုံးစွဲခွင့် လျှောက်လွှာတင်ထားဆဲ ဖြစ်ပါတယ်။ အချို့အကွက်တွေကျတော့ သူများလုပ်တာကိုကြည့်ပြီး မိမိသဘောနဲ့မိမိ လုပ်ချင်လုပ်နေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ခွင့်ပြုချက်ကျကျ၊ မကျကျ ခြံကွက်က အိမ်ကွက်ဖြစ်နေပါပြီ။ ဒီအလေ့အထဟာ ခုဆိုပိုခေတ်စားလာပြီး လယ်ယာမြေဥပဒေဆိုတာ စာအုပ်ထဲမှာ ပုန်းနေရတဲ့အဆင့် ရောက်နေပြီဖြစ်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဥပဒေကျူးလွန်သူကို ပြောနေ၊ တားနေမယ့်အစား Win Win ပေါ်လစီကိုပဲ ကျင့်သုံးကြပါတော့တယ်” ဟု ဦးမျိုးဝင်းက ပြောကြားသည်။

ထို့ပြင် သစ်ပါးလွှာထုတ်လုပ်သည့် စက်ရုံများဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စည်းမဲ့ကမ်းမဲ့ အပင်များကို ခုတ်လှဲ၍ ရနေသည့်အပေါ် ခုတ်လှဲခွင့်မရှိသည့် နိုင်ငံများမှ စီးပွားရေးသမားများ ပြည်တွင်းကို ဝင်ရောက်လာနေကြကြောင်း၊ အများစုမှာ သစ်ပါးလွှာထုတ်လုပ်သည့် တရုတ်နိုင်ငံသားများဖြစ်ကြောင်း၊ သစ်ပါးလွှာ ထုတ်လုပ်မည့်စက်ရုံများကို မြေယာလွှဲပြောင်းသုံးစွဲခွင့် မကျသေးခင်မှာပင် မြေကွက်ရှင်၊ မြေညှိ၊ စက်ရုံတည်ဆောက်မှု မပြီးတပြီး ဖြစ်နေပြီဖြစ်ကြောင်း၊ ယင်းစက်ရုံများသည် ရော်ဘာပင်၊ တညင်းပင်၊ ပိန္နဲ၊ သစ်တို၊ မလေးရှားပိတောက်၊ ယူကလစ် စသည်ဖြင့် အပင်ကြီးမှန်သမျှအား အကုန်ဝယ်ယူနေကြောင်း၊ သစ်တင်ကားများကြောင့် လမ်းပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း၊ သစ်ပင်ကြီးများအား ခုတ်လှဲသည့်အတွက် ဂေဟစနစ် ပျက်စီးကြောင်း၊ ခုတ်လှဲပြီးသည့်နေရာတွင် အခြားနည်းသုံးသည့်အတွက် စိုက်ပျိုးမြေများ လျော့နည်းသွားကြောင်း၊ ယင်းကဲ့သို့ ဆက်လက်ဖြစ်နေပါက စိုက်ပျိုးရေးထွက်ကုန်များ ရေရှည်တွင် ထိခိုက်လာမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများက မဆိုင်သလိုနေနေကြကြောင်း အဆိုတင်သွင်းစဉ် ပြောကြားသည်။

မြေယာနှင့်ပတ်သက်သည့်ကိစ္စရပ်များကို အဓိက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကော်မတီ သုံးရပ်နှင့် ဆက်စပ်နေသည့် ဌာနဆိုင်ရာဝန်ထမ်းများ၏ လုပ်ရပ်များကို အချိန်မီ ထိန်းညှိရန်အတွက်လည်းကောင်း၊ နောင်လာမည့် အနာဂတ်ကာလတွင် စည်းနှောင်မှုအားကောင်းသည့် မြေယာစီမံခန့်ခွဲမှုစနစ်နှင့် ထိုစနစ်ကို တိကျစွာ အကောင်အထည်ဖော်နိုင်မည့် ကော်မတီများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်အတွက်လည်းကောင်း၊ ထိရောက်စွာ ဆောင်ရွက်နိုင်မည့် အစီအမံတစ်ခုကို အလျင်အမြန် ရေးဆွဲချမှတ် အကောင်အထည်ဖော်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းရခြင်းဖြစ်ကြောင်း ဦးမျိုးဝင်းက ပြောကြားသည်။

ယင်းအဆိုနှင့်ပတ်သက်ပြီး ဆွေးနွေးမည့် ကိုယ်စားလှယ်များ အနေဖြင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။

Most Read

Most Recent